မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ဒုံးကျည်စီမံကိန်းတွေ ဖွံ့ဖြိုးရေးအတွက် ဆက်လုပ်ဖွယ်ရှိနေပြီး မြောက်ကိုရီးယားရဲ့ လတ်တလောနှစ်လိုဖွယ်ဆက်ဆံမှုတွေကြောင့် အဲဒီစီမံကိန်းတွေကို 
မျက်ခြေမပြတ်သင့်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၁၁)ရက်မှာ သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားရာမှာ ဘရူနိုင်း နိုင်ငံကိုရောက်ရှိနေတဲ့ 
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ထည့်သွင်းဖြေကြားခဲ့တာပါ။
 
ပြုံချမ်းအိုလံပစ်ဖွင့်ပွဲ မကျင်းပခင်တစ်ရက်အလို ဖေဖော်ဝါရီလ(၈) ရက်က မြောက်ကိုရီးယား စစ်တပ်ရဲ့နှစ်(၇၀)ပြည့်အထိမ်းအမှတ်စစ်ရေးသရုပ်ပြချီတက်မှုပြုလုပ်စဉ်မှာ ဒုံးကျည်တွေကို မြောက်ကိုရီးယားဘက်က ထုတ်ပြခဲ့တယ်ဆိုပြီး ကိုနိုကပြောခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံကိုဖိအားတွေပေးဖို့ ပူးပေါင်းဆောင်ရွက်နေ ဦးမှာဖြစ်တယ်လို့လည်း ကိုနိုကပြောပါတယ်။
 
ပြုံချမ်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန်းလည်းပါဝင်ခဲ့ပြီး ကိုရီးယား(၂)နိုင်ငံကြားထိပ်သီး အစည်းအဝေးပြုလုပ်ဖို့ ခေါင်းဆောင်ကင်ရဲ့ဖိတ်ကြားလွှာကို တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်ကိုပေးခဲ့ပြီးနောက်မှာ တာရိုကိုနို ကအခုလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ထိပ်သီး အစည်းအဝေး အမြန်ဆုံးကျင်းပနိုင်ရေးစီစဉ်သွား မှာဖြစ်တယ်လို့သမ္မတမွန်းက တုံ့ပြန်ခဲ့တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတအိမ်တော်ကသတင်းထုတ်ပြန်ပါတယ်။
 
 
 

Related News