ဂရိကမ်းခြေနားကနေဖြတ်ပြီး လစ်ဗျားနိုင်ငံကိုဦးတည်နေတဲ့သင်္ဘောမှာ ဖောက်ခွဲရေးပစ္စည်းတွေပါဝင်နေတဲ့အတွက် ဖမ်းဆီးခဲ့ရ တယ်ဆိုပြီး ဂရိအာဏာပိုင်တွေကပြောပါတယ်။ တန်ဇန်နီးယားနိုင်ငံအလံတင်ထားပြီး လစ်ဗျားနိုင်ငံကိုဦးတည်ခုတ်မောင်းနေတဲ့သင်္ဘော(၁)စီးမှာ ဖောက်ခွဲရေးပစ္စည်းတွေပါဝင် နေတဲ့အတွက် ဂရိအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့ ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ဇန်န၀ါရီလ(၁၀)ရက်မှာပြောပါတယ်။ ဇန်န ၀ါရီလ(၆)ရက်တုန်းက ဂရိပိုင်ခရေးတေးကျွန်းနားမှာ အဲဒီသင်္ဘောဖြတ်သန်းသွားတာကို အာဏာပိုင်တွေက စတင်တွေ့ရှိခဲ့တာပါ။

ဖောက်ခွဲရေးအတွက်အသုံးပြုတဲ့ပစ္စည်းတွေနဲ့ ရေနံဓာတ်ငွေ့ရည်ကန်အလွတ်(၁၁)ကန်အပါအ၀င် ကုန်သေတ္တာ(၂၉)လုံးကို အာ ဏာပိုင်တွေကတွေ့ရှိခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို လစ်ဗျားနိုင်ငံဆီပို့နေတာဖြစ်တယ်လို့ ဂရိကမ်းခြေစောင့်တပ်ကဗိုလ်ချုပ်ကြီး အီယောနစ် အာဂီရီယူက ပြောပါတယ်။ အဲဒီပစ္စည်းတွေကို မိုင်းတွင်းတွေမှာအသုံးပြုနိုင်သလို ဖောက်ခွဲရေးပစ္စည်းတွေပြုလုပ်ပြီး အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နိုင်တယ်လို့လည်း အီယောနစ်ကပြောပါတယ်။

ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ်ကတည်းက လစ်ဗျားနိုင် ငံကို လက်နက်ခဲယမ်းတွေတင်ပို့တာ၊ အထောက်အပံ့ပေးတာနဲ့ လွှဲပြောင်းပေးတာတို့ကို ဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂအဖွဲ့တို့က ပိတ်ပင်ထားပါတယ်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေအရ လစ်ဗျားနိုင်ငံ၊ မစ်ဆာရာမြို့ကိုဦးတည်ခုတ်မောင်းဖို့နဲ့ သင်္ဘောပေါ်က ကုန်တွေချဖို့သင်္ဘောပဲ့ကိုင်ကို သင်္ဘောပိုင်ရှင်က အမိန့်ပေးခဲ့တယ်ဆိုပြီး ဂရိကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ သင်္ဘောသား (၈)ဦးကိုလည်းဖမ်းဆီးခဲ့ပြီး သင်္ဘောသားတွေကိုဇန်န၀ါရီလ(၁၁)ရက်မှာ ဂရိအစိုးရရှေ့နေတွေက စစ်ဆေးခဲ့ပါတယ်။

 

 

 

Related News