တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင်ဖြစ်ပွားလာမည့် စစ်ပွဲအတွက် အသင့်ဖြစ်နေရမည်ဖြစ်ကြောင်းနှင့် ပဋိပက္ခ အခြေအနေသည် ယခင်အခြေအနေများထက် အန္တရာယ်ဖြစ်နိုင်ခြေပိုမိုများပြားလာကြောင်းတရုတ်အစိုးရအကြံပေးများနှင့် တာဝန်မှအနားယူသွားသော အကြီးတန်းစစ်ဖက်အရာရှိတစ်ဦးကယခုသီတင်းပတ်ကုန်ဆုံးချိန်တွင် သတိပေးပြောကြားလိုက်ကြောင်း Today သတင်းဌာနကဖော်ပြသည်။ တစ်ချိန်ကမြောက်ကိုရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ကာအဓိကမဟာမိတ်နိုင်ငံအဖြစ် တွေ့မြင်ခဲ့ရသည့် တရုတ်နိုင်ငံသည် အခြေအနေကိုထိန်းချုပ်နိုင်မှုမရှိခဲ့ဟု ၎င်းတို့ကသတိပေးပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ပေါ်ရှိအခြေအနေများသည် ဆယ်စုနှစ်များအတွင်းစစ်ပွဲတစ်ခု၏ အကြီးမားဆုံးအန္တရာယ်ကိုယခုအခါဖန်တီးလျက်ရှိကြောင်းရန်မင်းတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးကျွမ်းကျင်သူနှင့် တရုတ်အစိုးရအဖွဲ့၊ နိုင်ငံတော်ကောင်စီအကြံပေးတစ်ဦးလည်းဖြစ်သူပါမောက္ခ ရှီယင်းဟောင်ကပြောကြားခဲ့ သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် ခြိမ်းခြောက်မှုဆိုင်ရာဆိုးသွမ်းသံသရာထဲတွင် ပိတ်မိနေကြကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် အဆိုပါအခြေအနေကိုရှောင်လွှဲနိုင်ရန် လွန်စွာနောက်ကျသွားပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အကောင်းဆုံးမှာပေကျင်းအစိုးရအနေဖြင့် ယခုထက်အခြေအနေပိုမိုဆိုးရွားမလာစေရန် ဆောင်ရွက်ဖို့ပင်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသည် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်ကြောင်း၊ ၎င်းအားပေါက်ကွဲမထွက်ရန် အချိန်ဆွဲထားနိုင်ယုံသာဖြစ်ပြီး၊ ယင်းသို့အချိန်ဆွဲထားခြင်းဖြင့် စနက်တံအားဖယ်ရှားမည့်အချိန်ကျရောက်လာမည်ဟုမျှော်လင့်ရကြောင်းအဆိုပါအကျပ်အတည်းနှင့်ပတ်သက်၍ပြုလုပ်သောပေကျင်းညီလာခံ ပြင်ပတွင် ပါမောက္ခရှီကပြောခဲ့ခြင်း ဖြစ်သည်။

ယခုမှစ၍ တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်စဉ်ပူးတွဲကျင်းပသည့် စစ်ရေးလေ့ကျင့်မှုစတင်မည့် အချိန်ဖြစ်သောလာမည့်မတ်လအထိမည်သည့်အချိန်၌မဆိုကိုရီးယားကျွန်းဆွယ်တွင် စစ်မက်ဖြစ်ပွားလာနိုင်ကြောင်းယခင်နန်ကျင်းစစ်ဒေသဒုတိယစစ်ဦးစီးမှူးဖြစ်သူမစ္စတာ ၀မ်ဟောင်ကွမ်းက ညီလာခံတွင်မိန့်ခွန်းပြောကြားစဉ် သတိပေးပြောကြားခဲ့ကြောင်းသိရသည်။ ယင်းအချိန်တွင် နယူးယောက်ရှိကုလသမဂ္ဂဌာနချုပ်တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးရက်စ်တေလာဆန်က ပြုံယမ်း၏နှူကလီးယားအစီအစဉ်ကိုဟန့်တားဖို့ အားထုတ်လုပ်ဆောင်ကြရန် တရုတ်နှင့် ရုရှားနိုင်ငံတို့အားတောင်းဆိုထားကြောင်းသိရသည်။ 

 

 

Related News