တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း သတင်းလိုက်ယူနေတဲ့ တောင်ကိုရီးယား သတင်းထောက်တွေဟာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့မှုနဲ့အင်အားသုံး ဟန့်တားမှုတွေကို တွေ့ကြုံခဲ့ရတယ်လို့  ခရီးစဉ်ကို သတင်းရယူတဲ့ KBS သတင်းဌာနက ပြောပါတယ်။
 
တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက တောင်ကိုရီးယားနိုင်ငံက မေအီးစီးပွားရေး သတင်းစာရဲ့ဓာတ်ပုံသတင်းထောက်ကို ခန်းမရဲ့ဘေး လမ်းကိုဆွဲချခဲ့ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ တောင်ကိုရီးယားသမ္မတရုံးက၀န်ထမ်းတွေက တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမ၀င်ဖြစ်ခဲ့ပါတယ်။
 
အဲဒီဓာတ်ပုံသတင်းထောက်ဟာ မျက်နှာကအရိုးတစ်ချောင်းကျိုးခဲ့တာ အပါအ၀င် ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။ မေအီးသတင်းထောက်တိုက်ခိုက်ခံရမှုမတိုင်ခင် (၁၀)မိနစ် လောက်မှာ ဟန်ကွက်အီလ်ဘို နေ့စဉ်သတင်းစာက ဓာတ်ပုံသတင်းထောက်ကို တရုတ်လုံခြုံရေး တပ်ဖွဲ့တွေက လည်ပင်းညှစ်ခဲ့ပြီး ခန်းမကြမ်းပြင်ပေါ်ကို တွန်းချ ခဲ့ပါတယ်။ ကိုရီးယား-တရုတ်စီးပွားရေးဖိုရမ်မတိုင်မီတစ်နေ့မှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက တောင်ကိုရီးယား သတင်းထောက် တွေကိုပိတ်ဆို့ခဲ့တာကြောင့် ခဏတာရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် တောင်ကိုရီးယားသတင်းထောက်တွေက ဖိုရမ်မှာသတင်းယူဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
 
အဲဒီလိုဖြစ်ရပ်တွေကြောင့် တောင်ကိုရီးယားသတင်းထောက်တွေ သတင်းယူရာမှာ အခက်အခဲရှိခဲ့ပေမဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမီဒီယာတွေရဲ့သတင်း ဖော်ပြချက်တွေကို တရုတ်နိုင်ငံပိုင် မီဒီယာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ တောင်ကိုရီးယားအစိုးရကတောင်းဆိုထားပါတယ်။ 
 
 

Related News