ကတ်တလန်ဒေသရဲတပ်ဖွဲ့ရဲ့ရဲချုပ် ဟိုဆေးလူးဝစ်ထရာပဲရိုဟာ နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်တယ်လို့ သံသယရှိတဲ့အတွက် စပိန်နိုင်ငံမြို့တော်မက်ဒရစ်မြို့မှာ စွဲချက်တင်ခံထားရပါတယ်။ထရာပဲရိုဦးဆောင်တဲ့ မော့ဆေးဒဲ့စ်ကွက်ဒရာတပ်ဖွဲ့တွေဟာ အောက်တိုဘာလ(၁)ရက်က ကတ်တလန် ဒေသမှာကျင်းပခဲ့တဲ့ ကတ်တလန်ဒေသခွဲထွက်ရေးပြည်သူ့ဆန္ဒခံယူပွဲမှာ စပိန် အမျိုးသားရဲတပ်ဖွဲ့ကို ဆန္ဒပြသူတွေထံကနေ ကာကွယ်မှုမပေးနိုင်ခဲ့ဘူးဆိုတဲ့စွပ်စွဲချက်နဲ့ ရုံးတင်စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
 
နောက်ထပ်ကတ်တလန်ရဲအရာရှိတစ်ဦးနဲ့ ခွဲထွက်ရေးဦးဆောင်လှုပ်ရှားသူ(၂)ဦးကိုလည်း သံသယရှိသူတွေအနေနဲ့ စပိန်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပါတယ်။ကတ်တလန်ရဲတပ်ဖွဲ့ အရာရှိတွေကို ရုံးတင်စစ်ဆေးနေတာဟာ (၁၉၇၅)ခုနှစ်နောက်ပိုင်း မှာ ပထမအကြိမ်ဖြစ်တယ်လို့ စပိန်နိုင်ငံက အယ်လ်ပိုင်ယက်သတင်းစာက သတင်းဖော်ပြပါတယ်။
 
စပိန်ဥပဒေအရ နိုင်ငံတော်ကို ပုန်ကန်ဖို့ ကြံစည်တာဟာ ထောင်ဒဏ် (၁၅)နှစ်အထိ ကျခံရနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကတ်တလန်ဒေသက ဘာစီလိုနာမြို့မှာ အကြမ်းဖက်သမားတွေ ၀င်တိုက်ခဲ့တုန်းက မော့ဆေးတပ်ဖွဲ့ တွေဟာ အိုက်အက်စ်အကြမ်းဖက်သမားတွေကို လိုက်လံဖမ်းဆီးရာမှာ တုံ့ပြန်မှုလျင်မြန်တယ်ဆိုပြီး ချီးကျူးပြောဆိုခဲ့ရပါတယ်။စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တရားမ၀င်ဘူးလို့ ပြောထားတဲ့  ကတ်တလန်ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွင်း စပိန်အမျိုးသားရဲတပ်ဖွဲ့တွေက မဲရုံတွေမှာ မဲပုံးတွေသိမ်းတာနဲ့ မဲဆန္ဒရှင် တွေကို အင်အားသုံးဖြိုခွင်းတာတွေရှိခဲ့ပါတယ်။
 
 

Related News