မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့အစ်ကို ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့အမျိုးသမီး(၂)ဦးက သူတို့ဟာ အပြစ်ကင်းစင်တယ်ဆိုတာကို မလေးရှားတရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး(၂)ဦးက သူတို့ဟာ အပြစ်ကင်းတယ်လို့ မလေးရှား တရားရုံးကို လျှောက်လဲချက်ပေးလိုက်ပါတယ်။ အောက်တိုဘာလ(၁)ရက်က မလေးရှားနိုင်ငံမှာ ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ အသက်(၂၉)နှစ် အရွယ် ဗီယက်နမ် အမျိုးသမီးနဲ့ အသက်(၂၅)နှစ်အရွယ်အင်ဒိုနီးရှားနွယ်ဖွားအမျိုးသမီးတို့ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အမျိုးသမီး တွေဟာ သူတို့ရဲ့စကားပြန်ကနေတစ်ဆင့်တရားရုံးကို လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ရှေ့နေဖြစ်သူက ကင်ဂျုံနမ်ကို သတ်ခဲ့တဲ့တရားခံဟာ မလေးရှားနိုင်ငံကနေ ထွက်သွားပြီဆိုတာကို တရားရုံးကို လျှောက်တင်သွားမယ်လို့ ပြောပါတယ်။ ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ အခုနှစ်ဖေဖော်ဝါရီလတုန်းက အဆိပ်နဲ့အသတ်ခံခဲ့ရတာဖြစ်ပြီး သူသေဆုံးခါနီးမှာ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး(၂)ဦးက သူ့ရဲ့ဘေးနားမှာရှိနေတာကို လေဆိပ်ရဲ့လုံခြုံရေး ကင်မရာကနေတွေ့ရှိခဲ့ရတာပါ။ ကင်ဂျုံနမ်လဲကျခဲ့တာဟာ တီဗွီအစီအစဉ်တစ်ခုရဲ့ ဟာသပြကွက်လို့ ထင်ခဲ့တဲ့အတွက် ကြည့်နေမိတာဖြစ်တယ်ဆိုပြီး တရားစွဲခံထားရသူတွေက အစောပိုင်းမှာ ခုခံပြောဆို ထားပါတယ်။ မြောက်ကိုရီးယားအေးဂျင့်တွေဟာ သူတို့ကို အကွက်ဆင်ထားတာဖြစ်တယ်လို့ တရားစွဲခံထားရသူတွေက ပြောထားပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ကင်ဂျုံနမ် သေဆုံးမှုဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
 
 

Related News