မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ နယ်သာလန်နိုင်ငံ၊အမ်စတာဒမ်မြို့မှာဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒန့်ကြောင့် နံရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး (၂)လခန့်အနားယူရဖို့ရှိနေတယ်လို့သိရပါတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်မှုးအဂူရိုဟာ နယ်သာလန်နိုင်ငံ၊အမ်စတာဒမ်မြို့မှာရှိတဲ့ ဂီတပွဲ တစ်ခုကိုသွားရောက် ကြည့်ရှုခဲ့ပြီး၊မန်ချက်စတာမြို့ကိုပြန်ဖို့အတွက် လေဆိပ်ကိုသွားရာလမ်းမှာ ဓာတ်တိုင်ကိုကားနဲ့ဝင်တိုက်မိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါကားအက်ဆီးဒန့်ကြောင့် အဂူရိုဟာ နံရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ ကစားသမားအနေနဲ့ (၂) လခန့်အနားယူရဖို့ရှိနေတယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ အဂူရိုဟာ ဒဏ်ရာကြောင့် အမ်စတာဒမ်မြို့မှာရှိတဲ့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဥရောပမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။အဂူရိုဟာ ယခုနှစ်ရာသီမှာမန်စီးတီးအသင်းအတွက် အထူးခြေစွမ်းပြကစားနေသူ ဖြစ်ပြီး၊ ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲမှာ (၆)ဂိုးအထိသွင်းယူပြီး၊ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ မန်ယူတိုက်စစ်မှူး လူကာကူ၊ ချယ်ဆီးတိုက်စစ်မှုး မိုရာတာတို့နဲ့အတူ ဦးဆောင်နေသူဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယခုလာမယ့် စက်တင်ဘာလ (၃၀)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် ချယ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာသွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး၊ အဓိကတိုက်စစ်မှုးဖြစ်တဲ့ အဂူရိုဒဏ်ရာရရှိနေတာကြောင့် အခက်ကြုံနေရ တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အားထားရတဲ့ ဘယ်နောက်ခံလူ မန်ဒီ ကလည်း ဒဏ်ရာရရှိ နေတာကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် ခေါင်းခဲစရာပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရ ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ယခင်နှစ်ဘောလုံးရာသီက ချယ်ဆီးအသင်းကို အိမ်ကွင်း၊ အဝေးကွင်း (၂)ပွဲစလုံး ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
 
 
 

Related News