အမေရိကန်ရေတပ်ရဲ့ဖျက်သင်္ဘော USS ဖစ်ဇ်ဂါးနဲ့ ကွန်တိန်နာတင် သင်္ဘောတစ်စင်းတို့ တိုက်မိအပြီး ဖျက်သင်္ဘောပေါ်မှာတွေ့ခဲ့ရတဲ့ အလောင်းတွေရဲ့နာမည်တွေကို အမေရိကန်ရေတပ်က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ သင်္ဘောတိုက်မိချိန်မှာပျောက်ဆုံးနေခဲ့တယ်လို့ ယူဆထားတဲ့ ဖျက်သင်္ဘောအမှုထမ်း(၇)ဦးရဲ့ရုပ်အလောင်းကို သင်္ဘောကို ကမ်းကပ်ချိန်မှာ အိပ်ခန်းတွေအတွင်း တွေ့ ခဲ့တာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ပါတယ်။ သင်္ဘောတိုက်မိနေချိန်မှာ သင်္ဘောအမှုထမ်း အများစု အိပ် နေချိန်ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ဖျက်သင်္ဘောအမှုထမ်းတွေထဲမှာ အသက်အငယ်ဆုံးက ၁၉ နှစ်ဖြစ်ပြီး အကြီးဆုံးက  ၃၇ နှစ် ဖြစ်ပါတယ်။ သင်္ဘောတိုက်မိမှုကြောင့် အိပ်ခန်းထဲမှာလျှံနေတဲ့ရေတွေကို စုပ်ထုတ်ချိန်မှာ အလောင်းတွေကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရေတပ်ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းမယ်လို့ပြောပါတယ်။ အမေရိကန်ရေတပ်ရဲ့အမှတ် ၇ စစ်သင်္ဘော အုပ်စုရဲ့ကွပ်ကဲရေးမှူး ဂျိုးဇက် အော်ကွိုင်းကတော့ ဖျက်သင်္ဘောရဲ့ရေမှတ်အနီးမှာ ကွဲသွားတယ်လို့ပြောထားပြီး သင်္ဘောအမှုထမ်းတွေရဲ့အားထုတ်မှုကြောင့် သင်္ဘောမမြုပ်ခဲ့တာလို့ သတင်းထောက်တွေကိုပြောပါတယ်။ ပင်လယ်ရေကြောင်း သွားလာမှုမှတ်တမ်းတွေအရ ဖီလစ်ပိုင်နိုင်ငံအလံလွှင့်ထားတဲ့ ကွန်တိန်နာသင်္ဘော ACX Crystal  ဟာ ဖျက်သင်္ဘောနဲ့ မတိုက်မိခင် ၂၅ မိနစ်အတွင်းမှာU ပုံစံ ရုတ်တရက်ကွေ့ခဲ့ပြီး ဘာ့ကြောင့်ကွေ့ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

 

 

Related News