လန်ဒန်မြို့မြောက်ပိုင်းက ဗလီတစ်ခုအနီးမှာ ၀တ်ပြုသူတွေနဲ့ လမ်းသွားလမ်းလာသူတွေကို ဗန်ကားတစ်စင်းနဲ့ ၀င်တိုက် တဲ့လုပ်ရပ်ဟာ အပြစ်ကင်းသူတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန် က ပြော လိုက်ပါတယ်။  ဆဲဗင်း ဆစ္စတာ လမ်းမကြီးပေါ်က ဖင်းစ်ဘာရီ ပါ့ခ် ဗလီနားမှာဖြစ်ပွားတဲ့ ဗန်ကားနဲ့ဝင်တိုက်မှုမှာ လူ(၁)ဦး သေဆုံးပြီး နောက်ထပ်(၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ခဲ့ရသူတွေအတွက် ၀မ်းနည်းသလို အရေးပေါ်ဝန်ဆောင်မှု ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ မြို့တော်ဝန်ခန် က ပြောပါတယ်။ ကျူးလွန်မှုအသေးစိတ်ကို မသိရသေးပေမဲ့ ရာမဒန်ဥပုဒ်ကာလအပြီး ၀တ်ပြုသူအများစုကို တမင်ရည်ရွယ်တဲ့လုပ်ရပ်ဆိုတာ ထင်ရှားတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

လန်ဒန်မြို့သူ၊မြို့သားတွေအနေနဲ့ တည်ငြိမ်နိုးကြားဖို့ မြို့တော်ဝန်က တိုက်တွန်းထားသလို လန်ဒန်ရဲတပ်ဖွဲ့ဟာ လုံခြုံရေး တိုးမြှင့် နေတယ်လို့လည်း မြို့တော်ဝန်က ပြောထားပါတယ်။ သေဆုံးခဲ့တဲ့အမျိုးသားဟာ ဗန်ကားနဲ့ဝင်တိုက်မခံရခင်ကတည်းက လူသွား စင်္ကြန်ပေါ်မှာ ရှေးဦးသူနာပြုနည်းနဲ့ကုသခံနေရသူဖြစ်လို့ ဒီအမျိုးသားသေဆုံးတာဟာ ဗန်ကားတိုက်မိတာ ကြောင့်လား ဆိုတာက တော့ မရှင်းလင်းသေးဘူးလို့ လန်ဒန်ရဲတပ်ဖွဲ့ကပြောပါတယ်။ လက်ရှိမှာ လန်ဒန်ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်ရန်မသင်္ကာ မှုနဲ့ အသက် ၄၈ နှစ်အရွယ်အမျိုးသားတစ်ဦး ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

 

 

Related News