အမေရိကန်ရေတပ်ရဲ့ဖျက်သင်္ဘော USS ဖစ်ဇ်ဂါးပေါ်မှာ  အလောင်းတော်တော်များများကို ပြန်တွေ့ပြီလို့ အမေရိကန်ရေတပ်က ပြောပါတယ်။ အဲ့ဒီအလောင်းတွေဟာ ဖျက်သင်္ဘောနဲ့ဖီလစ်ပိုင် အလံလွှင့်ထားတဲ့ကွန်တိန်နာသင်္ဘောတစ်စင်းတို့ ဂျပန်ကမ်းလွန်မှာ တိုက်မိချိန်မှာ ပျောက်ဆုံးနေတဲ့ သင်္ဘောအမှုထမ်းတွေရဲ့အလောင်းဖြစ်နိုင်တယ်လို့ အမေရိကန်ရေတပ်က ယူဆထား ပါတယ်။ တိုကျိုတောင်ပိုင်းက ယိုကိုဆူခါ အမေရိကန်ရေတပ်စခန်းမှာ USS ဖစ်ဖ်ဂါးကို ဆိုက်ကပ်ချိန်မှာ အလောင်းတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။

ဖျက်သင်္ဘောနဲ့ ACX Crystal ကွန်တိန်နာသင်္ဘောတို့ဟာ အီဇုကျွန်းဆွယ် ကမ်းလွန်က ကီလိုမီတာ(၂၀)နီးပါးမှာ စနေနေ့အစောပိုင်းတုန်းက ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ သင်္ဘောရဲ့ကပ္ပတိန်နဲ့ သင်္ဘော အမှုထမ်း (၂)ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အေးဂျစ်အမျိုးအစား အမေရိကန်ဖျက်သင်္ဘောကတော့ သင်္ဘောညာဘက်ခြမ်းမှာ ပြင်းပြင်း ထန်ထန်ပျက်စီးခဲ့ပါတယ်။

အိပ်ခန်းနဲ့စက်ခန်းတွေမှာလည်း ရေကြီးခဲ့ပါတယ်။ ရေတပ်သင်္ဘောအမှုထမ်းတွေဟာ  ပျောက်ဆုံးနေတဲ့အမှုထမ်း(၇)ဦးကို ရှာဖွေဖို့ ရေတွေကို ဖယ်ရှားခဲ့ရာကနေ အိပ်ခန်းအတွင်းမှာ အလောင်းတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ ရေတပ်သင်္ဘောဟာတာဝန်ချိန်အတွင်း တိုက်မိခဲ့တာဖြစ်လို့ အမေရိကန်နိုင်ငံဟာ ဒီဖြစ်ရပ်ကို ကနဦးစုံစမ်းစစ်ဆေးတာ တွေ ပြုလုပ်နိုင်ချေရှိနေပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်ကို အမေရိကန်နိုင်ငံနဲ့ အတူ စုံစမ်းဖို့ရှိနေပါတယ်။ 

 

 

Related News