ဘန်ကောက်မြို့က မောင်ကွတ်ဘုရင့်ဆေးရုံမှာဖြစ်ပွားတဲ့ ဗုံးခွဲမှုမှာ မသင်္ကာသူအမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး မေးမြန်းတာတွေပြုလုပ်နေပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဟာ အသက်(၆၂)နှစ်အရွယ် အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာ ၀ါသနာ ဖူမာရက်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက မောင်ကွတ်ဘုရင့်ဆေးရုံမှာ ဖြစ်ပွားတဲ့ပေါက်ကွဲမှုမှာ သမင်္ကာမှုနဲ့ စစ်ဆေးခံနေတာပါ။ အဲ့ဒီအမျိုးသားဟာ ဘန်ကောက်မှာ ၂၀၀၇ ခုနှစ်ကတည်းကဆိုရင် ကိုးနှစ်အတွင်း ပေါက်ကွဲမှု (၆)ခုကို ပြုလုပ်ထားတယ်လို့ ၀န်ခံထားတယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီအမျိုးသားကို ဘန်ကောက်က အမှတ်(၁၁)စစ်တပ်ဝင်း အတွင်းမှာ စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုကို ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် သီရိဝရ ကိုယ်တိုင် ကြီးကြပ်နေပြီး သတင်းထောက်တွေကို မှတ်ချက်တစ်စုံတရာပေးဖို့တော့ ငြင်းဆိုထားပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ တိုးတက်မှုရှိထားပြီး မသင်္ကာသူအမျိုးသားဟာ မေလ ၂၂ ရက်မှာဖြစ်ပွားတဲ့ ဆေးရုံဗုံးခွဲမှုပြီးကတည်းက ဘယ်သူနဲ့မှ ဆက်သွယ်တာမျိုးမရှိသေးဘူး လို့ ဒုတိယရဲချုပ်က ပြောပါတယ်။ ၀ါသာနာ ဟာ ဒီဗုံးခွဲမှုကို တစ်ဦးတည်းပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပြီး မကြာခင်မှာ ဖမ်းဝရမ်းထုတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ရမ်အင်ထရာ ၃ လမ်းက မသင်္ကာသူအမျိုးသားရဲ့အိမ်မှာ ဗုံးလုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေကို ရဲတပ်ဖွဲ့က ရှာတွေ့ထားပါတယ်။

 

 

Related News