လန်ဒန်မြို့က အထပ်မြင့်အဆောက်အအုံမီးလောင်မှုဖြစ်ပွားပြီးတဲ့နောက် အဲ့ဒီအဆောက်အအုံမှာ နေထိုင်တဲ့ မီးဘေးသင့်သူတွေအတွက် ထောက်ပံ့ရေးတောင်းဆိုတဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူအုပ်စုတွေဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနဲ့ မီးဘေးသင့်သူတွေတွေ့ဆုံခဲ့တဲ့ ခန်းမအပြင်ဘက်နဲ့ဝန်ကြီးချုပ်အိမ်ရှိရာ ဒေါင်းနင်းလမ်းမှာလည်း စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူအယောက်(၅၀)နဲ့(၆၀)ကြားဟာ ကင်စတန်မြို့တော်ကောင်စီရုံးကို ၀င်ရောက်စီးနင်းခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ယာမဲ့သွားသူတွေအတွက် အကူအညီချက်ချင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဝန်ကြီးချုပ်မေကတော့ မီးဘေးသင့်သူတွေအတွက် အ၀တ်အစား၊ အစားအသောက်နဲ့ အရေးပေါ် လိုအပ်တာတွေအတွက် ပေါင်(၅)သန်းသုံးခွင့်ပေးထားပေမဲ့ တစ်ဖက်မှာလည်း သေဆုံးသူ အရေအတွက် (၃၀)ထက်မနည်းရှိလာနိုင်တယ်လို့ BBC က ခန့်မှန်းထားပါတယ်။ အဆောက် အအုံမှာ မီးလောင်မှုဘာ့ကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပေမဲ့ ရှို့မီးတော့မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ သေဆုံးခဲ့သူတွေထဲက (၃)ဦးကိုပဲ ဘယ်သူ၊ဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုနိုင် တုန်းဖြစ်ပါတယ်။ ဂရင်းဖဲအထပ်မြင့်အဆောက်အအုံ မီးလောင်မှုဟာ ဗုဒ်္ဓဟူးနေ့တုန်း က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အအုံတစ်ခုလုံးနီးပါး မီးလောင်ခဲ့လို့ မီးသတ်သမား(၂၀၀) ကျော်ဟာ (၂၄)နာရီကြာအောင် မီးငြိမ်းသတ်ခဲ့ရပါတယ်။ ဒီလိုဆန္ဒပြမှုတွေရှိနေပေမဲ့ ၀န်ကြီးချုပ် မေကတော့ မီးလောင်မှု ဘာကြောင့်ဖြစ်တယ်ဆိုတာ သိနိုင်အောင် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။

 

Related News