အမေရိကန်ရေတပ်ရဲ့ဖျက်သင်္ဘော USS  ဖစ်ဇ်ဂါးနဲ့ကွန်တိန်နာသင်္ဘောတစ်စင်းတို့ ဂျပန်ကမ်းလွန်မှာ ၀င်တိုက်မှုဖြစ်ပွားပြီးတဲ့နောက် အမေရိကန်ရေတပ်သား(၇)ဦး ပျောက်ဆုံး နေပါတယ်။ ဖျက်သင်္ဘောရဲ့ကပ္ပတိန်လည်း ဒဏ်ရာရရှိခဲ့လို့ ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ခဲ့ရပါတယ်။ အမေရိကန်ရေတပ်ဖျက်သင်္ဘော USS  ဖစ်ဇ်ဂါးဟာ ဖီလစ်ပိုင်နိုင်ငံအလံ တပ်ထားတဲ့ ACX Crystal သင်္ဘောနဲ့ ယိုကိုဆူခါ အနောက်တောင်ဘက် ရေမိုင်(၅၀)ကျော်မှာ ဒေသစံတော်ချိန် စနေနေ့ မနက်ပိုင်းမှာ တိုက်မိခဲ့တာပါ။ ဝေဟင်ကနေရိုက်ထားတဲ့ရုပ်ပုံတွေမှာတော့ ဖျက်သင်္ဘောရဲ့ ညာဘက်ခြမ်းချိုင့်ဝင် ပျက်စီးသွားတာကို ပြသနေပါတယ်။

သင်္ဘောကပ္ပတိန်နဲ့ နောက်ထပ် သင်္ဘောသား(၂)ဦးကိုလည်း ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံပို့ခဲ့ရပါတယ်။ အစောပိုင်း သတင်းတွေအရ USS ဖစ်ဇ်ဂါးရဲ့နေရာတစ်ချို့မှာ ရေ၀င်တာတွေရှိနေတယ်လို့ သိရပေမဲ့ ပျက်စီးမှုအတိုင်းအတာ ဘယ်လောက် အထိရှိလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ၀င်တိုက်မိခဲ့တဲ့ ကွန်တိန်နာသင်္ဘောဟာ တန်ပေါင်းသုံးသောင်းနီးပါး အလေးချိန်ရှိပြီး (၁၅၄)မီတာ ရှည်လို့ ဒီသင်္ဘောဟာ ဖျက်သင်္ဘောထက် သုံးဆနီးပါးကြီးနေတာဖြစ်ပါတယ်။ သင်္ဘောတိုက်မှု ဖြစ်ပွားချိန်မှာ USS ဖစ်ဇ်ဂါး သင်္ဘောဟာ ယိုကိုဆူခါမှာရှိတဲ့အမေရိကန် ရေတပ်စစ်ခြေစိုက်စခန်းကို ဦးတည်ခုတ်မောင်း နေချိန်လည်းဖြစ်ပါတယ်။ အမေရိကန်ရေတပ်ကတော့ အကူအညီပေးဖို့ကင်း လှည့်ရေယာဉ်(၅)စင်းနဲ့ လေယာဉ်(၂)ဦးကို စေလွှတ်ခဲ့ပါတယ်။ ဂျပန်ပင်လယ်ရေကြောင်း လုံခြုံရေးတပ်ဖွဲ့ကလည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့လေယာဉ်တွေနဲ့ ကင်းလှည့် ရေယာဉ်တွေ သုံးပြီး ရှာဖွေနေပါတယ်။

 

Related News