လူ(၈)ဦးသေဆုံးခဲ့ပြီး နောက်ထပ်ဒါဇင်ချီဒဏ်ရာရရှိခဲ့တဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းက မူကြိုကျောင်းတစ်ကျောင်းရှေ့ ပေါက်ကွဲမှုဟာ အလွယ်လုပ်ထားတဲ့ဗုံးတစ်လုံးကြောင့်ဖြစ်ပြီး ဗုံးခွဲသူဟာ သေဆုံးသွားခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးခွဲသူဟာ ကျန်းမာရေး ပြဿနာတွေ ရှိနေတဲ့အသက် ၂၂ နှစ်အရွယ်အမျိုးသားဖြစ်ပြီး သူဖောက်ခွဲမှုလုပ်ခဲ့တဲ့ ဖန်ရှန်းခရိုင်က မူကြိုကျောင်းနားမှာပဲ အခန်းငှားနေခဲ့သူလို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အိမ်လုပ်ဖောက်ခွဲရေးကိရိယာလုပ်တဲ့ပစ္စည်းတွေကို ဒီအမျိုးသားရဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့သလို တိုက်ခန်းနံရံမှာလည်း သေဆုံးဖျက်ဆီးတယ်ဆိုတဲ့စကားလုံးတွေ ရေးထားတာကို တွေ့ခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။ ရှူ လို့ခေါ်တဲ့ဒီအမျိုးသားဟာ အာရုံကြောရောဂါ ခံစားနေရသူဖြစ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးကတော့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ မူကြိုကျောင်းဟာ ကလေးတွေ ကျောင်းဆင်းဖို့ တံခါးဖွင့်ထားချိန် ဖြစ်တယ်လို့ CCTV  သတင်းဌာနကို ပြောဆိုထားပါတယ်။ ဗုံးဖောက်ခွဲမှုမှာ လူဒါဇင်ချီ ဒဏ်ရာရ ခဲ့ပေမဲ့ ကလေးငယ်တွေတော့ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ ဒီပေါက်ကွဲမှုဟာ မူကြိုကျောင်း နားက စားသောက်ဆိုင်က ဂတ်စ်အိုးပေါက်ကွဲတာကြောင့် ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ယူဆထားပေမဲ့ ဒါဟာ ဗုံးဖောက်ခွဲမှုဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက နောက်ပိုင်း မှာ အတည်ပြုခဲ့ပါတယ်။

 

Related News