လန်ဒန်မြို့အနောက်ပိုင်းက အထပ်မြင့်အဆောက်အအုံတစ်ခုမီးလောင်မှုမှာ သေဆုံးသူ(၁၂)ဦး အထိရှိခဲ့ပြီး သေဆုံးသူဦးရေဟာ မြင့်တက်လာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ မီးလောင်ခဲ့တဲ့အဆောက်အအုံဟာ ကန်ဆင်တန်အရပ်မှာရှိတဲ့ ဂရန်ဖဲ တာဝါဖြစ်ပြီး လူပေါင်း (၆၅)ဦးကို မီးသတ် သမားတွေက ကယ်ဆယ်ခဲ့ပါတယ်။ (၂၇)ထပ်မြင့်တဲ့ အဆောက်အအုံတစ်ခုလုံး နီးပါးဟာ မီးလောင်ခဲ့တာဖြစ်ပြီး မီးညွန့်မကျိုးချိန်အထိ နာရီချီကြာအောင်မီးလောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မီးညွန့်ကျိုး သွားပေမဲ့ မီးခိုးငွေ့တွေ ထွက်နေတုန်းလို့ သတင်းတွေမှာဖော်ပြနေပါတယ်။ အဆောက်အအုံမှာနေထိုင်သူတွေဟာ မီးလောင်ချိန်မှာ ပြတင်းပေါက်တွေက ခုန်ချပြီး မီးရှောင်ခဲ့တယ် လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီးလောင်မှုမှာ လူပေါင်း(၆၈)ဦးကို ဆေးရုံပို့ခဲ့ရပြီး အဲ့ဒီထဲက (၁၈) ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ အိမ်ခန်းပေါင်း (၁၂၀)ရှိတဲ့ ဒီအဆောက်အအုံ မီးလောင်ချိန်ဟာ လူအိပ်ချိန်ဖြစ်လို့ သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။ ၀န်ကြီးချုပ်ထရီဆာမေကတော့ အခုဖြစ်ရပ်ဟာ နမူနာယူစရာ ဖြစ်ပြီး မီးလောင်မှုကို အပြည့်အ၀ စုံစမ်းမယ်လို့ပြောပါတယ်။ လန်ဒန်မီးသတ်တပ်ဖွဲ့ လက်ထောက် မဟာမင်းကြီး စတိဗ် အက်တာကတော့ အဆောက်အအုံထဲက ငြိမ်းသတ်ဖို့ခက်ခဲတဲ့ နေရာတွေမှာ မီးစွဲတာမျိုးရှိနေသေးပေမဲ့ အဆောက်အအုံတစ်ခု လုံးနီးပါးမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေတာတွေလုပ် ထားပြီးပြီလို့ပြောပါတယ်။ မီးစွဲခဲ့တဲ့ အထပ်တွေကြောင့် အဆောက်အအုံ ပြိုကျမှာကို စိုးရိမ်တာတွေရှိပေမဲ့ ပြိုကျနိုင်တဲ့ အန္တရာယ်မရှိဘူးလို့ အဆောက်အအုံကို စစ်ဆေးတာတွေ လုပ်ထားတဲ့ လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

 

Related News