မန်ယူအသင်းဟာ စီရော်နယ်ဒိုထွက်ခွာပြီးနောက်ပိုင်း ကျောနံပါတ် (၇) ကို ကစားသမား (၅) ဦးထံအပ် နှင်းခဲ့ပေမယ့်လည်း အဆိုပါကစားသမားတွေအနေနဲ့ စီရော်နယ်ဒိုရဲ့ ခြေရာကိုနင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာ (၂၀၀၃-၀၄)ဘောလုံးရာသီကနေ (၂၀၀၈-၀၉)ဘောလုံးရာသီအထိ(၆)ရာသီကြာ ပါဝင်ကစား ခဲ့ရာမှာ ပွဲစဉ်ပေါင်း (၂၉၂)ပွဲမှာ သွင်းဂိုးပေါင်း (၁၁၈)ဂိုးအထိသွင်းယူနိုင်ခဲ့သလို၊ သူကိုယ်တိုင်ကလည်း မန်ယူအသင်းမှာ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆုကိုရယူနိုင်ခဲ့ပါတယ်။ (၂၀၀၉-၁၀)ဘောလုံးရာသီမှာ စီရော်နယ်ဒိုအနေနဲ့ ရီးရဲယ်လ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ သွားခဲ့မှုကြောင့် မန်ယူအသင်းမှာကျောနံပါတ်(၇) ဟာလစ်လပ်နေခဲ့ပြီး၊ (၂၀၀၉-၁၀) ဘောလုံးရာသီက နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မိုက်ကယ်အိုဝင်က စီရော်နယ်ဒိုပြီးနောက် ကျောနံပါတ် (၇)ကို ပထမဦးဆုံး ၀တ်ဆင်ကစားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ဟာ မန်ယူအသင်းမှာ (၂၀၁၁-၁၂) ဘောလုံးရာသီအထိ (၃) ရာသီကြာပါဝင်ကစား ခဲ့ရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၅) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်မိုက်ကယ်အိုဝင်ပြီးနောက် ကျောနံပါတ် (၇)ကိုဝတ်ဆင် ကစားခဲ့သူဟာ တောင်ပံကစားသမားဗလင်စီယာဖြစ်ပြီး၊ (၂၀၁၂-၁၃) ဘောလုံးရာသီမှာ ပွဲစဉ်ပေါင်း (၃၀)ပါဝင်ကစားခဲ့ပါတယ်။ ဗလင်စီယာအနေနဲ့ ကျောနံပါတ် (၇) ကိုဝတ်ဆင်ကစားခဲ့တဲ့ရာသီမှာ လိဂ်သွင်းဂိုး (၁) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး၊ (၂၀၁၄-၁၅) ဘောလုံးရာသီမှာတော့ ကျောနံပါတ် (၇) ကိုကစားသမား သစ်ဒီမာရီယာက၀တ်ဆင်ကစားခဲ့ပါတယ်။

ဒီမာရီယာဟာလည်း ကျောနံပါတ် (၇) ကိုကောင်းမွန်စွာအသက် သွင်းနိုင်ခြင်းမရှိခဲ့ပဲ၊ ကျရှုံးမှုတွေနဲ့အတူ လိဂ်သွင်းဂိုး (၂) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုထွက်ခွာပြီး နောက် ကျောနံပါတ် (၇) ကို (၄) ဦးမြောက်ဝတ်ဆင်ခဲ့သူကတော့ (၂၀၁၅-၁၆) ဘောလုံးရာသီက မန်ယူအ သင်းကိုပြောင်းရွှေ့ လာခဲ့တဲ့ တိုက်စစ်ကစားသမားဒီပေးဖြစ်ပြီး၊ ဒီပေးဟာလည်း မန်ယူအသင်းမှာကစားခဲ့တဲ့ (၂) ရာသီအတွင်းမှာ လိဂ်သွင်းဂိုး (၄) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမန်ယူအသင်းမှာ ကျောနံပါတ် (၇) ကိုဝတ်ဆင်ထား သူကတော့ တောင်ပံကစားသမားဆန်းချက်ဇ်ဖြစ်ပြီး၊ ဆန်းချက်ဇ်ဟာ (၂၀၁၇-၁၈) ရာသီဝက် အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းကနေပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။ သူဟာလည်း မန်ယူအသင်း အတွက် တစ်ရာသီခွဲပါဝင်ကစားနေပေမယ့်လည်း လိဂ်သွင်းဂိုး (၃) ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ 

စီရော်နယ်ဒိုထွက်ခွာပြီးနောက် မန်ယူအသင်းမှာ ကျောနံပါတ် (၇) ကိုဝတ်ဆင်ကစားခဲ့သူတွေဟာ (၅) ဦးအထိရှိနေပေမယ့် လည်း လိဂ်သွင်းဂိုးကတော့ (၁၅)သာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။


 
 

Related News