တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးကြီးခဲ့လို့ ရေလွှမ်းမိုးခဲ့တဲ့အတွက် လူ(၅)ယောက်သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာကအတည်ပြုပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းတို့မှာမိုးကြီးလို့ လူထောင်ချီရေဘေးတွေ့နေပြီးလူ(၅)ယောက်သေဆုံးခဲ့ပါတယ်။နောက် ထပ်(၄)ရက်လောက် မိုးရေချိန်များနေနိုင်သေးလို့ အာဏာပိုင်တွေကအသင့်ပြင်ဆင်နေကြတယ်လို့ အင်္ဂါနေ့မှာတရုတ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြတာပါ။ဂျန်းရှီပြည်နယ်မှာတနင်္လာနေ့အထိဆိုရင် ရေမြုပ်လို့ ကောက်ပဲသီးနှံစိုက်ပျိုးမြေ(၁၀၈၀၀) ဟတ်တာပျက်စီးခဲ့ပြီးအိမ်ရာချီလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

လူ(၁.၄)သန်းလည်းရေဘေးသင့်နေပြီးတိုက်ရိုက်အဆုံး အရှုံးကယွမ်(၂.၆၅)ဘီလီယံ (မြန်မာကျပ် ဘီလီယံ ၅၈၀ ကျော်)ရှိတယ်လို့လည်းသိရပါတယ်။အနောက်တောင်ပိုင်းကဂွမ်ရှီ မှာဆိုရင်လည်းအိမ်(၂၀၀၀၀)လောက်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီးလမ်းတွေ၊ တံတားတွေနဲ့ တခြားအခြေခံအဆောက်အဦတွေပျက်စီးခဲ့ပါတယ်။ဂျန်းရှီပြည်နယ်မှာမိုးရေချိန်(၂၇)လက်မရှိခဲ့တယ်လို့ တရုတ်မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။ဂျန်းရှီနဲ့ ဟူနန်ပြည်နယ်နေရာတချို့ရဲ့မိုးရေချိန်ဟာဇွန်လအတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့လည်းပြောပါတယ်။ 

ဂွမ်ဒေါင်း၊ ဖူဂျန်း၊ ဂျန်းရှီ၊ ယူနန်၊ စီချွမ်းနဲ့ ထိုင်ဝမ်တို့မှာ ကြာသပတေးနေ့အထိမိုးကြီးနိုင်တယ်လို့လည်းထုတ်ပြန်ထားပြီးလာမယ့်ရက်တွေအတွင်း မိုးကြိုးမုန်တိုင်းတွေဝင်လာနိုင်ချေရှိနေတဲ့အပြင် မြစ်ငယ်တွေလည်းကမ်းပါးတွေကျိုးသွားနိုင်တယ်လို့ တရုတ်မိုးလေ၀သဌာနက သတိပေးထားပါတယ်။

 

Related News