ပြီးခဲ့တဲ့တစ်နှစ်နီးပါးအတွင်းစတုတ္ထအကြိမ်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တရုတ်နိုင်ငံကို ရောက်ရှိ နေပြီး အခုတစ်ကြိမ်ခရီးစဉ်ဟာ (၃)ရက်ကြာမြင့်မယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ဥက္ကာက တင်ဆက်ပေးမှာပါ။
တရုတ်သမ္မတရှီကျင်းပင်ရဲ့ဖိတ်ကြားချက်အရမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ကြိုတင်ကြေညာထား ခြင်းမရှိဘဲဒီနေ့ဇန်န၀ါရီ(၈)ရက်မှာတရုတ်နိုင်ငံမြို့တော် ပေကျင်းကိုရောက်ရှိနေပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက် အရ ခေါင်းဆောင်ကင်ဟာ သူ့ရဲ့ဇနီးရီဆိုဂျူနဲ့အတူ တရုတ်နိုင်ငံမှာဇန်န၀ါရီ(၁၀)ရက်အထိ(၃)ရက်ကြာ ရှိနေမယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာ ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံကျင်းပမယ့် နေရာကို ကြေညာမယ်လို့ ပြီးခဲ့တဲတစ်ပတ်မှာအမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောခဲ့ပြီးနောက် ကင်ရဲ့အခုခရီးစဉ် ထွက်ပေါ်လာတာပါ။ မြောက်ကိုရီးယားအာဏာပိုင်တော်တော်များများ လိုက်ပါလာတဲ့အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့တစ်နှစ်နီးပါး အတွင်း ကင်ရဲ့စတုတ္ထမြောက်ခရီးစဉ်ဖြစ်ပါတယ်။ ဒီနေ့ကကင်ရဲ့ (၃၅)နှစ်မြောက်မွေးနေ့ဖြစ်တယ်လို့ ပြောနေကြပေမဲ့ သူ့ရဲ့မွေးနေ့အမှန်ကို မြောက်ကိုရီးယားဘက်က ဘယ်တော့မှ အတည်မပြုခဲ့ဖူးပါဘူး။

(၂၀၁၈)ခုနှစ်မှာပထမဆုံးအမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ကိုရီးယား(၂) နိုင်ငံတွေ့ဆုံမှုတွေ မကျင်းပခင်နဲ့ကျင်းပအပြီးမှာကင်က တရုတ်နိုင်ငံ ကို (၃)ကြိမ်သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့တဲ့ ကင်ရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ မြောက်ကိုရီးယားက နျူကလီးယားအပြီးသတ်ဖျက်သိမ်းသွားမယ်လို့ ထပ်အတည် ပြုခဲ့ပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် လမ်းကြောင်းပြောင်းသွားမယ်လို့ ပါဝင်ပါတယ်။ မြောက်ကိုရီးယားဆွေးနွေးမှုတွေအဆငပြေနေပေမဲ့ ပိတ်ဆို့မှုတွေဆက် လုပ်ထားဦးမယ်လို့ ထရမ့်က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဇွန်လကအမေရိကန်-မြောက်ကိုရီးယားထိပ်သီး ဆွေးနွေးပွဲအပြီးကတည်းက နှစ်နိုင်ငံဆွေးနွေးမှုတွေ ကြန့်ကြာနေပါတယ်။

 

 

Related News