နော်ဝေးနိုင်ငံ၊ ဘာဂျန်မြို့နားမှာ နိုဝင်ဘာလ(၈)ရက်က ရေနံတင်သင်္ဘောတစ်စီးနဲ့ နော်ဝေး စစ်သင်္ဘောတစ်စီးတို့ တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၈)ဦးအသေးစားဒဏ်ရာရခဲ့ပါတယ်။ မော်လ်တာကျွန်းကလာတဲ့ရေနံတင်သင်္ဘောနဲ့ နော်ဝေးစစ်သင်္ဘောတို့တိုက်မိခဲ့ပြီးနောက် စစ်သင်္ဘာပေါ်က အမှုထမ်း(၁၃၇)ဦးလုံး ကို နော်ဝေးနိုင်ငံဘက်ကကယ်ဆယ်နိုင်ခဲ့ပါတယ်။ နော်ဝေးနိုင်ငံ၊ ဘာဂျန်မြို့အနီးမှာ သင်္ဘောနှစ်စီးတိုက်မိခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် လူ(၈)ဦးအသေးစားဒဏ်ရာတွေရခဲ့ပါတယ်။ နော်ဝေး စစ်သင်္ဘောကတော့ ရေထဲကိုနစ်မြုပ်နေပြီး အန္တရာယ်များတဲ့အခြေအနေမှာ ရှိနေပါတယ်။ နော်ဝေး စစ်သင်္ဘောဟာ နေတိုးတပ်ဖွဲ့တွေနဲ့စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးအပြန်မှာ အခုလိုမတော်တဆမှုဖြစ်ပွားခဲ့တာပါ။ မတော်တဆမှုကြောင့် ရေနံတင်သင်္ဘောလည်း အနည်းငယ်ထိခိုက်မှုတွေရှိခဲ့ပေမဲ့ ရေနံယိုဖိတ်မှုတွေတော့ မရှိခဲ့ပါဘူး။ လေ့ကျင့်ရေးအတွက် ချောက်ကမ်းပါးကြားမှာ စစ်သင်္ဘောသွားနေတုန်း သင်္ဘော နှစ်စင်း တိုက်မိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေနံတင်သင်္ဘောဟာ အီကွီနောကုမ္ပဏီရဲ့ စထရာအွိုင်းရေနံဆိပ်ကမ်းကနေ ရေနံစိမ်းတွေတင်ပြီးထွက်ခွာခဲ့တာလို့ ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။ သင်္ဘောနှစ်စင်းတိုက်မိခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီမတော်တဆမှုကြောင့် နော်ဝေးစစ်သင်္ဘောရေထဲကိုမနစ်မြုပ်ခင်မှာ ဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းခဲ့တယ်လို့ နေတိုးရဲ့ မဟာမိတ်ရေကြောင်းစစ်ဌာနချုပ်ကပြောပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ စစ်ဆေးခံဖို့ အမှုထမ်း(၂၃)ဦးလိုက်ပါလာတဲ့ရေနံတင် သင်္ဘောက ဆိပ်ကမ်းကိုပြန်လာခဲ့တယ်လို့သိရပါတယ်။

 

 

Related News