ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဖြစ်သူ “နစ်ကီဟေလီ”က ရာထူးကနေနုတ်ထွက်ခဲ့ပြီး လာမယ့်ရက်(၂၀)လောက် အတွင်း သူ့နေရာကို အစားထိုးခန့်အပ်သွားမယ်လို့ အမေရိကန်သမ္မတကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်အဖြစ် နှစ်နှစ်နီးပါးတာဝန်ထမ်းဆောင်ထားပြီးဖြစ်တဲ့“နစ်ကီ ဟေလီ”က ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ ကြေညာခဲ့ပြီး အခုနှစ်အကုန်မှာ တာဝန်ကနေနုတ်ထွက်မှာပါ။ ဟေလီဟာ မယုံနိုင်စရာ ကောင်းတာတွေကို လုပ်ဆောင်ခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ“ဒေါ်နယ်ထရမ့်”က ပြောပါတယ်။

အသက်(၄၆)နှစ်ရှိနေပြီး တောင်ကာရိုလိုင်းနားပြည် နယ်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူဖူးတဲ့ဟေလီက အမေရိကန်အစိုးရအဖွဲ့ဝင်တွေထဲမှာရှိတဲ့ လူနည်းစုအမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပြီး သူနှုတ်ထွက်ရတဲ့အကြောင်းရင်းကိုတော့ မပြောခဲ့ပါဘူး။ လာမယ့်(၂၀၂၀) အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတအနေနဲ့ ၀င်အရွေးခံဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေတာကိုတော့ ဟေလီက ငြင်းဆိုခဲ့ပါတယ်။ လာမယ့်ရက်(၂၀)လောက်အတွင်း ဟေလီ့နေရာမှာ အစားထိုးမယ့်လူကိုကြေညာသွားမယ်လို့ သမ္မတထရမ့်ကပြောပါတယ်။

ဟေလီရဲ့မိတ်ဆွေဖြစ်ပြီး ထရမ့်ရဲ့ဒုတိ ယလုံခြုံရေးကောင်စီအကြံပေးဟောင်း“ဒီနာ ပိုဝဲလ်”ကို သံအမတ်နေရာအတွက် စဉ်းစားနေတယ်လို့လည်းပြောပါတယ်။ ထရမ့်ရဲ့ အမေရိကန်ဦးစားပေးမူဝါဒ၊ မြောက်ကိုရီးယားနဲ့အီရန်အရေးတို့မှာ သဘောထားတင်းမာမှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဟေလီက ဖော်ပြနိုင်ခဲ့ပါတယ်။ ဟေလီ့နေရာမှာ အစားထိုးဖို့ သမီးဖြစ်သူ“အိုင်ဗန်ကာ ထရမ့်”ကိုလည်း စဉ်းစားထားပေမဲ့ သူ့ ကိုရွေးလိုက်မယ်ဆိုရင် ဆွေမျိုးတွေကို ဦးစားပေးတယ်ဆိုပြီး စွပ်စွဲခံရနိုင်တယ်လို့ ထရမ့်ကပြောခဲ့ပြီး သံအမတ်အဖြစ် တာဝန်ယူ သွားမှာမဟုတ်ဘူးလို့ အိုင်ဗန်ကာထရမ့်က တွစ်တာကနေ ပြောပါတယ်။

 

 

Related News