အောက်တိုဘာ(၇)ရက်မှာ ဘူဂေးရီးယားနိုင်ငံသူသတင်းထောက်(၁)ဦး အသတ်ခံခဲ့ပြီး ဒီဖြစ်ရပ်ဟာ (၂၀၁၈)ခုနှစ်အတွင်း ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံတွေထဲမှာ ဒုတိယမြောက်သတင်းထောက်တစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဘူဂေးရီးယားနိုင်ငံက (TVN)ရုပ်သံအတွက်အလုပ်လုပ်နေပြီး စုံစမ်းဖော်ထုတ်သတင်းရေးသားတဲ့ အသက်(၃၀)အရွယ်ရှိ သတင်းထောက်“ဗစ်တိုးရီးယား မာရီနိုဗာ”အသတ်ခံရတာကြောင့် ဘူဂေးရီးယားရဲတပ်ဖွဲ့က စုံစမ်းမှုတွေလုပ်နေပါပြီ။

ဘူဂေးရီးယားက “ဒါနူဘီ”မြစ်နဲ့နီးတဲ့“ရု့စ်”မြို့မှာ အောက်တိုဘာလ(၇)ရက်က မာရီနိုဗာရဲ့ရုပ်အလောင်းကို ပြန်တွေ့ ခဲ့ရပြီး သေဆုံးခဲ့တဲ့အကြောင်း ရင်းက ခေါင်းကိုအရိုက်ခံခဲ့ရပြီးနောက် အသက်ရှူရပ်သေဆုံးခဲ့တာလို့ ရု့စ်အစိုးရရှေ့နေ “ဂျော်ဂျီ့ဗ်”ကပြောတယ်ဆိုပြီး ရိုက်တာ သတင်းဌာနကဖော်ပြပါတယ်။ မသေဆုံးခင်မှာ အဓမ္မအကျင့်ခံခဲ့ရတယ်လို့ ယူဆရတယ်ဆိုပြီး ဘူဂေးရီးယားပြည်ထဲရေးဝန်ကြီး “မလာဒန် မာရီနော့ဗ်”ကပြောထားသလို သူ့ရဲ့ဖုန်း၊ ကားသော့၊ မျက်မှန်နဲ့ အ၀တ်အစားတချို့လည်းပျောက်ဆုံးနေတယ်လို့ လည်း သိရပါတယ်။

သူအသတ်ခံခဲ့ရတာက သူ့ရဲ့လုပ်ငန်းနဲ့ ဆက်စပ်နေခြင်းရှိ၊ မရှိဆိုတာကိုတော့ မသိရသေးပါဘူး။ မာရီနိုဗာ ဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ အောက်တိုဘာလကနေ (၂၀၁၈)ခုနှစ်၊ အောက်တိုဘာလအထိ တစ်နှစ်တာအတွင်း အီးယူအဖွဲ့အ တွင်းမှာ အသတ်ခံခဲ့ရတဲ့ (၃)ဦးမြောက်နာမည်ကြီး သတင်းထောက်ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် အောက်တိုဘာလမှာ အိမ်နားမှာထောင်ထားတဲ့ကားဗုံးပေါက်ကွဲ ခဲ့တာကြောင့် မော်လ်တာနိုင်ငံသူဖြစ်ပြီး ခြစားမှုတိုက်ဖျက်ရေးတက်ကြွလှုပ်ရှားသူနဲ့ သ တင်းထောက် “ဒက်ဖနီ ကာရော်နာ ဂါလီဇီယာ”သေဆုံးခဲ့ပြီး (၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီလမှာလည်း ဆလိုဗက်ကီးယားသ တင်းထောက် “ယန်ကူစီယက်” နဲ့သူ့ရဲ့ချစ်သူဖြစ်သူတို့ သူတို့ရဲ့အိမ်မှာ သေနတ်ဒဏ်ရာ(၁)ချက်စီနဲ့သေဆုံးခဲ့ပါတယ်။ မာရီနိုဗာ နောက်ဆုံးတင်ဆက်ခဲ့တဲ့ သတင်းကတော့ အီးယူရန်ပုံငွေတွေကို အလွဲသုံးတာတွေကို စုံစမ်းဖော်ထုတ်ခဲ့တာကြောင့် ထောင်ကျခဲ့တဲ့ဘူဂေးရီးယား သတင်းထောက်(၂)ဦးကို စက်တင်ဘာလ(၂၉)ရက်မှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

 

Related News