နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)ရဲ့ဥက္ကဋ္ဌဖြစ်သူ တရုတ်နိုင်ငံသား “မန်ဟောင်ဝီ”ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်း ထားတယ် လို့ တရုတ်နိုင်ငံဘက်က အောက်တိုဘာလ(၇)ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာလ(၅)ရက်မှာ မန်ဟောင်ဝီနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက ပြင်သစ်နိုင်ငံမှာ အခြေစိုက်တဲ့အင်တာပိုကို တိုင်ကြားခဲ့ပြီးနောက် တရုတ်နိုင်ငံ ဘက်က ပထမဆုံးအနေနဲ့အခုလိုထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာ ပြင်သစ်နိုင်ငံကနေ တရုတ်နိုင်ငံကို မန် ဟောင်ဝီပြန်သွားခဲ့ပြီးနောက် သူ့ရဲ့မိသားစုနဲ့အဆက်အသွယ်ပြတ်ခဲ့ပြီး မန်ဟောင်ဝီဟာ တရုတ်ဥပဒေ တွေကို ချိုးဖောက်ခဲ့တာလို့ ယူဆရတဲ့အတွက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကိုဦးဆောင်နေတဲ့ တရုတ် အမျိုးသားကြီးကြပ်ရေးကော်မရှင် က ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အင်တာပိုဥက္ကဋ္ဌအဖြစ်က နှုတ်ထွက်စာကို လည်း မန်ဟောင်ဝီက အောက်တိုဘာလ (၇)ရက်မှာပေးပို့ခဲ့ပြီး အင်တာပိုယာယီ ဥက္ကဋ္ဌအဖြစ် တောင်ကိုရီးယားနိုင်ငံသား “ကင်ဂျွန်ယန်း”ကတာဝန်ယူပေးထားမယ်လို့သိရ ပါတယ်။ မန်ဟောင်ဝီရဲ့ ဇနီးဖြစ်သူနဲ့ ကလေး(၂)ဦးဟာလည်း ခြိမ်းခြောက်မှုတွေတွေ့ကြုံခဲ့ရတာကြောင့် ရဲအစောင့်အကြပ်တွေချ ထားပေးတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောတယ်ဆိုပြီး ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။

 

 

Related News