သြဂုတ်လ(၁၄)ရက်က ဗြိတိန်လွှတ်တော်ရုံးနားမှာ ကားနဲ့ဝင်တိုးခဲ့သူရဲ့နာမည်ကို ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြောလိုက်ပြီဖြစ်ပါတယ်။ သြဂုတ်လ(၁၄)ရက်ညနေပိုင်းက ဗြိတိန်လွှတ်တော်ရုံးနားမှာ ကားနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကိုကျူးလွန်ခဲ့သူဟာ ဆူဒန်နိုင်ငံကနေ ပြောင်းရွှေ့လာသူ ဆာလစ် ခါတာဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လ(၁၄)ရက်ညနေပိုင်းမှာတင် ဗြိတိန်နိုင်ငံသားခံယူထားတဲ့ခါတာကိုထိန်းသိမ်းခဲ့ပြီး သူ့ကိုအကြမ်းဖက်မှု၊ လူသတ်ရန်ကြံစည်မှုတို့နဲ့ပတ်သက်နေတယ်လို့ ရဲတပ် ဖွဲ့ကသံသယရှိနေပါတယ်။ ခါတာက သာမန်လူ(၁)ဦးဖြစ်ပြီး ဘာသာရေးအယူသည်းသူမဟုတ်သလို ဘယ်ဘာသာရေးအဖွဲ့နဲ့မှ လည်း ဆက်စပ်မနေဘူးလို့ သူ့ရဲ့အစ်ကိုဖြစ်သူအဗ္ဗဒူလာ ခါတာကပြောတယ်ဆိုပြီး ဘီဘီစီသတင်းဌာနကဖော်ပြပါတယ်။

အခု ဖြစ်ရပ်ကြောင့် မိသားစု(၁)စုလုံး ထိပ်လန့်သွားကြတယ်လို့လည်းပြောပါတယ်။ သြဂုတ်လ(၂၀)ရက်အထိ ဆာလစ် ခါတာကို ထိန်းသိမ်းခွင့်ပြုထားဖို့ ဗြိတိန်ရဲတပ်ဖွဲ့ကို အင်္ဂလန်အောက်တရားရုံးက ၀ရမ်းထုတ်ပေးထားပါတယ်။ သြဂုတ်လ(၁၄)ရက် အဲဒီ ဖြစ်ရပ်ကြောင့် လူ(၃)ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ဘာရှိသလဲဆိုတာကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ခါတာဟာ ဗြိတိန်အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှာ မှုခင်းမှတ်တမ်းမရှိပေမဲ့ ဒေသရဲတပ်ဖွဲ့မှာတော့ မှတ်တမ်းတွေရှိနိုင်တယ်လို့ ယူဆနေပါတယ်။

 

 

 

Related News