ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ဧပြီလ(၁၁)ရက်ကမြေပြိုခဲ့တာကြောင့် လူ(၁)ဦးသေဆုံးပြီး (၅)ဦးပျောက်ဆုံးနေပါတယ်။  ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေဆက်လုပ်နေပြီး မြေပြိုမှုဖြစ်ပွားပြီးနာရီပိုင်းအကြာမှာ သေဆုံးခဲ့တဲ့အသက်(၄၅)နှစ်အရွယ် အမျိုးသားရဲ့ ခန္ဓာကိုယ် ကိုပြန်တွေ့ခဲ့တယ်လို့ NHKသတင်းဌာနကသတင်းဖော်ပြပါတယ်။ ပျောက်ဆုံးနေသူ(၅)ဦးက အသက် (၂၁)နှစ်နဲ့(၉၀)ကြား အမျိုးသမီးတွေဖြစ်ပါတယ်။  ဗုဒ္ဓဟူးနေ့မနက်ပိုင်းက မြို့လယ်ကနေ ကီလိုမီတာ(၂၀)လောက်အကွာမှာ မြေပြိုမှုကြောင့် အိမ်(၃)လုံးပျက်စီးခဲ့တယ်လို့ အိုအီတာ စီရင်စုမှာရှိတဲ့ နာကာဆူမြို့ရဲတပ်ဖွဲ့ကပြောပါတယ်။

မြေပြိုမှုရဲ့အချင်းက မီတာ(၁၀၀)လောက်ရှိပြီး မြေပြိုပြီး နောက် မီတာ(၂၀၀) ပတ်ဝန်းကျင်မှာ ရွံ့တွေဖြစ်နေတယ်လို့ ဒေသရဲတပ်ဖွဲ့ကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဝင်ကူညီဖို့ ဂျပန်ကြည်းတပ်၊ တပ်ဖွဲ့ဝင်နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေပါ ရောက်ရှိနေပြီး ဘာကြောင့်မြေပြိုခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မြေပြိုခဲ့တဲ့နေရာနားမှာရှိတဲ့ အိမ်(၈)အိမ်မှာ နေထိုင်သူ(၁၉)ဦးကို ဘေးလွတ်ရာရွှေ့ ပြောင်းကြဖို့ မြို့အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

 

 

Related News