ဆီးရီးယားနိုင်ငံ၊ ဂို့တာအိုအေစစ်အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေနောက်ဆုံးခြေကုတ် ယူထားတဲ့ ဒိုမာမြို့မှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၇၀)ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယားကယ်ဆယ်ရေးသမားတွေနဲ့ ဆေးတပ်ဖွဲ့တွေက ပြောပါတယ်။ မြေအောက်ခန်းတွေထဲက ရုပ်အလောင်းတွေရဲ့ပုံတွေကို ဦးထုတ်ဖြူကယ်ဆယ်ရေး အဖွဲ့က တွစ်တာမှာတင်ခဲ့ပြီး သေဆုံးဦးရေမြင့်တက်လာဖွယ်ရှိနေတယ်လို့ ပြောပါတယ်။ ခွဲထွက်ရေးလိုလားတဲ့မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ လူ(၇၅)ဦးအသက်ရှူရပ်ခဲ့ပြီး ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ယူဆရတဲ့ တိုက်ခိုက်မှုရဲ့ဒဏ်ကို လူ(၁၀၀၀)လောက် ခံခဲ့ရတယ်လို့ သိရပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့အတည်ပြုချက်တွေမရှိသေးပါဘူး။ ဓာတု တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုတွေဟာ လီဆယ်ပြောနေတာတွေဖြစ်တယ်လို့ ဆီးရီးယားအစိုးရကပြောခဲ့ပါတယ်။ ခိုလှုံရာနေရာတွေ မှာနေနေတဲ့မိသားစုတွေအပါအ၀င် သေဆုံးသူတွေမြင့်တက်လာဖွယ်ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားအစိုးရကိုထောက်ပံ့နေတဲ့ရုရှားမှာ တာဝန်ရှိနေတယ်လို့လည်း အမေရိကန်ဘက်ကစွပ်စွဲနေပါတယ်။ 

 

 

Related News