အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက YouTube ရုံးချုပ်မှာ ဧပြီလ(၃)ရက်ညနေပိုင်းက သေနတ်ပစ်ခတ် မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် လူ(၃)ဦး ဒဏ်ရာရခဲ့ပြီး သေနတ်သမားလို့ယူဆရတဲ့အမျိုးသမီးကတော့ ကိုယ့်ကိုကိုယ်သတ် သေသွားတယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးရဲ့ချစ်သူလို့ယူဆရတဲ့ အသက်(၃၆)နှစ်အရွယ် အမျိုးသား(၁)ဦးနဲ့အတူ အသက် (၃၂)နှစ်အရွယ်အမျိုးသမီး(၁)ဦးနဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့လည်း ဒဏ်ရာရခဲ့တယ်လို့ CBS သတင်းဌာနက သတင်းဖော်ပြပါတယ်။

သေနတ်သမားအမျိုးသမီးဟာ ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့ပေမဲ့ သေနတ်သမားအမျိုးသမီးဟာ နာဆင်းမ် အာ့ဂ်ဒမ်ဆိုသူ ဖြစ်တယ်လို့ တွစ်တာမှာသတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုလိုသေနတ်ပစ်ခတ်မှုတွေကိုအမျိုးသားတွေကသာလုပ်ဆောင်လေ့ရှိပြီး (၂၀၀၀)ခုနှစ်နဲ့ (၂၀၁၃)ခုနှစ် ကြားမှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု(၁၆၀)ကျော်မှာ သေနတ်သမား(၆)ဦးသားအမျိုးသမီးတွေဖြစ်တယ်လို့ အမေရိကန်ပြည် ထောင်စုစုံစမ်းရေးဗျူရိုက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဇတ်ကာဘာ့ဂ်ျ ဆန်ဖရန်စစ္စကို ဆေးရုံမှာကုသမှုပေးနေပြီး (၃၂)အရွယ်အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။ Google ကုမ္ပဏီကပိုင်ဆိုင်တဲ့ YouTube ရုံးချုပ်မှာ ၀န်ထမ်း(၁၇၀၀) ကျော်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ အလုပ်အကိုင်အများဆုံးပေးထားနိုင်တဲ့နေရာဖြစ်ပါတယ်။ 

 

 

Related News