ဗြိတိန်နိုင်ငံမှာခိုလှုံခွင့်ရထားတဲ့ ရုရှားစပိုင်ဟောင်းနဲ့သမီးဖြစ်သူ အာရုံကြောအဆိပ်နဲ့ထိတွေ့ပြီးနောက် စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံမှာကုသမှုခံနေရချိန်မှာပဲ သူတို့(၂)ဦးအဆိပ်နဲ့ထိတွေ့ပြီးလဲကျခဲ့တဲ့ နေရာနားက စားသောက်ဆိုင်ကိုသွားခဲ့သူ(၅၀၀)နီးပါးအနေနဲ့ စားသောက်ဆိုင်ကိုသွားချိန်မှာ ယူသွားတဲ့ပစ်္စည်းတွေကို သေသေချာချာဆေးကြောဖို့ ဗြိတိန်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးလိုက်ပါတယ်။ စားသောက်ဆိုင်ကိုလာတဲ့သူတွေကို ထိခိုက်နိုင်ချေနည်းနေပေမဲ့ အဆိပ်ပမာဏ အနည်းငယ်ကို စားသောက်ဆိုင်မှာတွေ့ခဲ့တာကြောင့် သတိပေးရတာဖြစ်တယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန၊ ဒုတိယဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာဂျန်နီ ဟာရီးစ်က ပြောပါတယ်။

မတ်လ(၄)ရက်က ဝေလ်ရှိုင်းယားပြည်နယ်၊ ဆာလိစ်ဘူရီမြို့က ဇစ်ဇီစားသောက်ဆိုင်မှာ  အသက်(၆၆)နှစ်ရှိပြီဖြစ်တဲ့ဆာဂေး စကရီပယ်နဲ့ သမီးဖြစ်သူအသက်(၃၃)အရွယ်ရှိ ယူလီယာ စကရီပယ် တို့ညစာစားခဲ့တဲ့စားပွဲပေါ်နဲ့စားပွဲပတ်ဝန်းကျင်မှာ သူတို့ထိတွေ့ခဲ့တဲ့အာရုံကြော အဆိပ်ပမာဏ အနည်းငယ် တွေ့ခဲ့တယ်လို့ BBC က သတင်းဖော်ပြပါတယ်။ အဲဒီစားပွဲနဲ့တခြားပစ္စည်းတွေကို ဖျက်ဆီးပစ်လိုက်ပြီး ဇစ်ဇီစားသောက်ဆိုင်နဲ့ မေးလ်စားသောက်ဆိုင်တို့ကို သီတင်းပတ်အတော်ကြာမှ ပြန်ဖွင့်ဖို့ သိပ္ပံပညာရှင်တွေက ရဲတပ်ဖွဲ့ကိုအကြံပြုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သတ်သေခံပစ္စည်းပေါင်း (၂၀၀)ကျော်နဲ့ မျက်မြင်သက်သေအယောက် (၂၄၀)ကျော်ရှိနေပြီး ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ရုရှားပါဝင်ပတ်သက်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘိုးရစ်ဂျွန်ဆင်က စွပ်စွဲထားပေမဲ့ ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။

 

 

Related News