မတ်လ(၄)ရက်မနက်ပိုင်းမှာ ပိုလန်နိုင်ငံမြောက်ပိုင်း၊ ပေါ့ဇ်နန်မြို့အနောက်ပိုင်းမှာရှိတဲ့ တိုက်ခန်းတွဲ(၁)ခုပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးပြီး လူ(၂၄)ဦးဒဏ်ရာရခဲ့တယ်လို့ ပိုလန်အာဏာပိုင်တွေကအတည်ပြုပါတယ်။ တိုက်ခန်းထဲမှာ ဓာတ်ငွေ့တွေပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ပြိုကျခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကခန့်မှန်းနေပါတယ်။

(၄)ထပ်မြင့်တဲ့အဲဒီတိုက်ခန်းတွဲမှာ အခန်း(၁၈) ခန်းရှိပြီး လူ(၄၀)ကျော်နေထိုင်ပါတယ်။ မီးသတ်တပ်ဖွဲ့ကအဖွဲ့ငယ်(၂၄)ဖွဲ့က အပျက်အစီးတွေ ကြားထဲရောက်နေသူတွေကို ဂရုတစိုက်ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဆလာဝိုးမား ဘရန့်ဒ်ကပြောပါတယ်။ 

တိုက်ခန်းတွဲပြိုကျရခြင်းအ ကြောင်းရင်းကို ပိုလန်ရဲတပ်ဖွဲ့နဲ့အစိုးရရှေ့နေတွေက စုံစမ်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ပတ်ဝန်းကျင်က ဆေးရုံတွေမှာ ကုသမှုပေးထားပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ပါဝင်တဲ့ ကလေးငယ်(၁)ဦးကို ဆေးကုသမှုပေးနေရဆဲဖြစ်ပြီး တိုက်ခန်းတွဲမှာ ကျန်တဲ့သူတွေကို ပတ်ဝန်းကျင်က ဟိုတယ်(၁)ခုမှာ ယာယီနေရာချ ထားပေးပါတယ်။ တိုက်ခန်းတွဲဘာကြောင့်ပြိုကျခဲ့တယ် ဆိုတာကို အတိအကျပြောနိုင်ဖို့ အချိန်စောသေးတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဇဘီနယစ် ဟော့ဖ်မန်းက ပြောပါတယ်။ 

 

 

Related News