ထိုင်းနိုင်ငံ၊ ဆူရတ်သာနီခရိုင်က ဆာမူအီကျွန်းပေါ်မှာရှိတဲ့ ဘန်ကွန်းဆရီ ရေတံခွန်ကို လာရောက်တဲ့ချက်နိုင်ငံသား(၁)ဦး ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ရေတံခွန်ပေါ်တက်ပြီး ဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့တုန်းမှာ အမြင့်မီတာ(၃၀)လောက်ကနေ ခြေချော်ကျခဲ့တာဖြစ်တယ်လို့ MCOT သတင်းဌာနကသတင်းဖော်ပြပါတယ်။ အဲဒီကျွန်းပေါ်ကို ဆိုင်ကယ်အငှားခရီးစဉ်နဲ့ လာရောက် တဲ့ နိုင်ငံခြားသားခရီးသည်အဖွဲ့(၁)ဖွဲ့မှာ သေဆုံးသူအသက်(၃၂)နှစ်အရွယ်ရှိဘာတာ ဂျီရီလည်းပါဝင် ပါတယ်။

အဲဒီအဖွဲ့ဟာ ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ(၅)ရက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ဆာမူအီကျွန်း မှာ ဆိုင်ကယ်(၅)စီးငှားခဲ့တယ်လို့ အဖွဲ့ဝင်(၁)ဦးက ပြောပါတယ်။ ဂျီရီပြုတ်ကျခဲ့တဲ့ နေရာကို အဖွဲ့ဝင်တွေရောက်ခဲ့ချိန်မှာ သူက အသက်ရှူရပ်နေပြီး သေဆုံးသူရဲ့ခန္ဓာကိုယ်ကို ရေထဲကပြန်ဆယ်ဖို့ အချိန်(၃)နာရီလောက်ကြာခဲ့တယ်လို့သိရပါတယ်။ အဲဒီရေတံခွန်မှာ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှုကို တားမြစ်ကြောင်းပြထားတဲ့ ဆိုင်းဘုတ်တွေနဲ့ ကြိုးတွေရှိနေတယ်လို့ ဆူရတ်သာနီခရိုင်၊ ခရီးသွားလုပ်ငန်းဒုတိယအကြီးအကဲဖြစ်သူ စမစ်ဆတ် ဆွတ်တာရာကပြောပါတယ်။ ၀င်ရောက်မှု တားမြစ်ထားပေမဲ့ ဂရုမစိုက်ဘဲ ဆက်သွားခဲ့တာကြောင့် အဲဒီရေတံခွန်မှာ ဂျီရီအပါအ၀င် နိုင်ငံခြားသားခရီးသည်(၃)ဦးသေဆုံးခဲ့ဖူးပြီး နောက်ထပ်ခရီးသည်(၃)ဦးဒဏ်ရာရခဲ့ဖူးတယ်လို့လည်း ဆွတ်တာရာ ကပြောပါတယ်။

 

 

Related News