ထိုင်ဝမ်ကျွန်းမှာ ဖေဖော်ဝါရီလ(၇) ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ(၁၀)ဦးရှိ လာပြီး ဒဏ်ရာရသူရာချီတဲ့အပြင် ပျောက်ဆုံးနေသူဒါဇင်ချီရှိနေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။ 
ဖေဖော်ဝါရီလ(၈)ရက်မှာ ငလျင်ကြောင့်သေဆုံးသူ(၁)ဦးရဲ့ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ပြီး လူဒါဇင်ချီပျောက်ဆုံးနေသေးတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေကပြောပါတယ်။ နောက်ဆက်တွဲ ငလျင်တွေထပ်လှုပ်နေပြီး 
အစဦးငလျင်ကြောင့် စောင်း သွားတဲ့အဆောက်အအုံတွေထဲ ပိတ်မိနေသူတွေကို ထိုင်ဝမ်ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြပါတယ်။
 
ဖေဖော်ဝါရီလ(၇) ရက်မနက်ပိုင်းမှာ ပြင်းအား(၆.၄)မဂ္ဂနီကျူ့အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် ထိုင်ဝမ်ကျွန်းပေါ်က ခရီးသွားလုပ်ငန်း အချက်အချာမြို့ဖြစ်တဲ့ဟွာလီယန်းမှာ အဆောက်အအုံတွေ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး လမ်းတွေလည်းပျက်စီးခဲ့တာကြောင့် ကျောင်းတွေနဲ့အားကစားရုံ(၁)ရုံမှာ ဒေသခံရာချီခိုလှုံနေရပါတယ်။ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ဒါဇင်ချီပျောက်ဆုံးနေတဲ့ ယွန်ဆွီ တိုက်ခန်းတွဲမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက အသက်ရှင်သူတွေကိုရှာဖွေနေတုန်း ဖြစ်ပါတယ်။
 
(၁၂)ထပ်ရှိတဲ့ ယွန်ဆွီတိုက်ခန်းတွဲရဲ့ အနိမ့်ပိုင်းအထပ်တွေပြိုကျခဲ့တာကြောင့် အဆောက်အအုံဟာ(၅၀)ဒီဂရီလောက်စောင်းနေပြီး ရုတ်တရက် ပြိုကျနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နေနဲ့မိုးတွေရွာနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ဒေသတွင်းမီဒီယာတွေကသတင်းဖော်ပြပါတယ်။စစ်သားတွေအပါအ၀င် ကယ်ဆယ်ရေးအဖွဲ့ သား(၃၀၀)ကျော်ဟာ ကယ်ဆယ်ရေးလုပ်ဆောင် နေကြပြီး လက်ရှိမှာအခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ အာဏာပိုင်တွေ ကပြောနေပါတယ်။ 
 
 
 

Related News