ထိုင်ဝမ်ကျွန်းမှာ ဖေဖော်ဝါရီလ(၇) ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ(၉)ဦး ရှိလာပြီး ပျောက်ဆုံးနေသူဒါဇင်ချီရှိနေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ(၈)ရက်မနက်ပိုင်းမှာ ငလျင်ကြောင့် သေဆုံးသူ(၂)ဦးရဲ့ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပြီး လူဒါဇင်ချီပျောက်ဆုံးနေတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေကပြောပါတယ်။ နောက်ဆက်တွဲငလျင်တွေထပ်လှုပ်နေပြီး အစဦးငလျင်ကြောင့် စောင်း သွားတဲ့အဆောက်အအုံတွေထဲ ပိတ်မိနေသူတွေကို ထိုင်ဝမ်ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြပါတယ်။
 
ဖေဖော်ဝါရီလ(၇) ရက်မနက်ပိုင်းမှာ ပြင်းအား(၆.၄)မဂ္ဂနီကျူ့အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် ထိုင်ဝမ်ကျွန်းပေါ်က ခရီးသွားလုပ်ငန်း အချက်အချာမြို့ဖြစ်တဲ့ဟွာလီယန်းမှာ အဆောက်အအုံတွေ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး လမ်းတွေလည်းပျက်စီးခဲ့တာကြောင့် ကျောင်းတွေနဲ့အားကစားရုံ(၁)ရုံမှာ ဒေသခံရာချီခိုလှုံနေရပါတယ်။ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ဒါဇင်ချီပျောက်ဆုံးနေတဲ့ ယွန်ဆွီ တိုက်ခန်းတွဲမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက အသက်ရှင်သူတွေကိုရှာဖွေနေတုန်း ဖြစ်ပါတယ်။
 
(၁၂)ထပ်ရှိတဲ့ ယွန်ဆွီတိုက်ခန်းတွဲရဲ့အနိမ့်ပိုင်းအထပ်တွေပြိုကျခဲ့တာကြောင့် အဆောက်အအုံဟာ(၅၀)ဒီဂရီလောက်စောင်းနေပြီး ရုတ်တရက်ပြိုကျနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ဟွာလီယန်မီးသတ်ဌာနကပြောတယ်ဆိုပြီး AFP သတင်းဌာနက သတင်းဖော်ပြ ပါတယ်။ ကြာသပတေးနေ့မနက် အစောပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် တစ်ခုဟာ ငလျင်ပြင်းအား(၅.၇)မဂ္ဂနီကျူ့အဆင့်ရှိတယ်လို့လည်း သိရပါတယ်။
 
 
 
 
 
 
 
 
 

Related News