မန်စီးတီးအသင်းမှာ ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှုးအဂူရိုဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြန်လည် ပါဝင်နေပြီး၊စနေနေ့မှာကစားမည့်စတုတ်စီးတီးအသင်းနဲ့ပွဲစဉ်မှာပြန်လည်ပါဝင်လာဖို့ရှိနေတယ်လို့သိရပါတယ်။တိုက်စစ်မှုးအဂူရိုဟာ စက်တင်ဘာလ (၂၉) ရက်နေ့က နယ်သာလန်နိုင်ငံ၊အမ်စတာဒမ်မြို့မှာပြုလုပ် တဲ့ ဂီတဖျော်ဖြေပွဲတစ်ခုမှအပြန်လမ်းမှာ ဓာတ်တိုင်ကိုကားနဲ့ဝင်တိုက်မိခဲ့တာကြောင့် နံရိုးကျိုးဒဏ်ရာရရှိခဲ့သူ ဖြစ်ပါတယ်။အဆိုပါဒဏ်ရာကြောင့် (၂) လခန့်အနားယူရမှာဖြစ်တယ်လို့ ယခုလအစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ ချယ်ဆီးအသင်းကို (၁) ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်အပါအ၀င် အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပါတယ် ။

ယခုအခါမှာတော့ အဂူရိုဟာ ဒဏ်ရာမှလျှင်မြန်စွာသက်သာခဲ့ပြီး၊မန်စီးတီးအသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေတဲ့ ဓာတ်ပုံတွေကို သူရဲ့တွစ်တာမှာဖော်ပြခဲ့ပါတယ်။ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ အဂူရိုရဲ့ကြံခိုင်မှု အခြေအနေတိုးတက်နေပြီဖြစ်တာကြောင့် စက်တင်ဘာလ (၁၄) ရက်နေ့မှာ ကစားမည့် စတုတ်စီးတီးအသင်း နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပြန်လည်ပါဝင် လာဖို့ရှိနေတယ်လို့သိရပါတယ်။အဂူရိုဟာယခုနှစ်ရာသီမှာ  မန်စီးတီးအသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲပါဝင်ကစားပြီး၊ (၆) ဂိုး သွင်းယူပေးထားတဲ့တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့မန်စီးတီးအသင်းအတွက် အားထားရတဲ့ တိုက်စစ်မှုး တစ်ဦး ဒဏ်ရာမှပြန်လည်သက်သာ လာတာကြောင့် ကစားရခက်တဲ့စတုတ်စီးတီးအသင်းကို ရင်ဆိုင်ရာမှာ ဖိအားတွေလျော့နည်းစေမှာဖြစ်ပါတယ်။

 

 

Related News