နှစ်စဉ်သြဂုတ်လတိုင်း အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြုလုပ်နေကြဖြစ်တဲ့ အူချီစစ်ရေးလေ့ကျင့်မှုကို ယနေ့မှာ စတင်ပြုလုပ်နေပြီး ဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယား စစ်ဘက်က တပ်ဖွဲ့ဝင်ဦးရေ (၅၀၀၀၀)ကျော်နဲ့ အမေရိကန်စစ်ဘက်က တပ်ဖွဲ့ဝင်ဦးရေ(၁၇၅၀၀)ကျော် ပါဝင်နေပါတယ်။ 

ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံစစ်ဘက်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ဖို့ပြုလုပ်တာဖြစ်ပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားစစ်ဘက် တာဝန်ရှိသူတွေက ပူးပေါင်းတပ်ဖွဲ့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတုန်းမှာ ကြည့်ရှူစစ်ဆေးကြမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ဒုံးကျည်တွေအသုံးပြုတဲ့ ခြိမ်းခြောက်မှုတွေအပေါ် တုံ့ပြန်နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာကိုပါ ကြည့်ရှူစစ်ဆေးကြမှာပါ။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လီဂျင်ဝူးက အခုစစ်ရေးလေ့ကျင့်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ ကာကွယ်ရေးသဘောတူညီချက်အရ လုပ်ဆောင်တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ဖြစ်တယ်လို့ ပြောပါတယ်။ 


နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုဟာ အမျိုသားလုံခြုံရေးကို ပိုပြီးအင်အားတောင့်တင်းလာစေဖို့ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ အလားအလာတွေကို တားဆီးနိုင်ဖို့ တောင်ကိုရီးယားနဲ့အမေရိကန် နှစ်နိုင်ငံပူးပေါင်းပြီး နည်းလမ်းတွေ ရှာဖွေသွားမှာဖြစ်တယ်လို့လည်း လီကပြောပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဒီစစ်ရေလေ့ကျင်မှုမှာ အမေရိကန်က မဟာဗျူဟာမြောက်ပိုင်ဆိုင်ထားတဲ့ B-1B ဗြုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတွေ ပါဝင်မယ်ဆိုတာ မသေချာဘူးလို့ သိရပါတယ်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှူစစ်ဆေးဖို့ အမေရိကန်စစ်ဘက်အရာရှိတွေဟာလည်း  တောင်ကိုရီးယားကိုရောက်ရှိလာပြီး ဒါဟာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု ပြုလုပ်လာတဲ့တစ်လျှောက် မကြုံစဖူးဖြစ်ရပ်ဖြစ်ပါတယ်။ 

Related News