ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ညတွင် မန်ချက်စတာအရီနာကွင်းအတွင်းအရီယာနာဂရန်ဒီ၏ ဖျော်ဖြေပွဲအပြီးဗုံးပေါက်ကွဲမှု ကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ရပြီး ၆၄ ဦးဒဏ်ရာရရှိခဲ့ပြီးနောက်အဆိုပါ ပေါက်ကွဲမှုအတွင်းသေဆုံးခဲ့ရပြီးထိခိုက်ခံစားခဲ့ရသူများကိုထောက်ပံ့ကူညီရန်အတွက် ပြုလုပ်ခဲ့သည့် One Live Manchester ပွဲမှ စုစုပေါင်းရရှိငွေ ဗြိတိန်ငွေ ပေါင် ၁၈ သန်း (ဒေါ်လာ ၂၃ သန်း) ကို လျူဒါန်းလိုက်သည်ဟုသိရသည်။ One Live Manchester ပွဲကိုအမေရိကန်ပေါ့ပ်အဆိုတော် အရီယာနာဂရန်ဒီကဦးဆောင်ပြီးဇွန်လ ၅  ရက်နေ့တွင်မန်ချက်စတာရှိအိုးထရက်ဖို့ဒ်ကွင်း၌ကျင်းပခဲ့ခြင်းဖြစ်ပြီးကမ္ဘာကျော်အဆိုတော်များကြသည့် ဂျက်စတင်ဘီဘာ၊ ကေတီပယ်ရီ၊ Coldplay၊ မိုင်လီဆိုင်းရက်စ်၊ One Direction အဖွဲ့ဝင် ငွေကြယ်ပွင့်နီရဲလ်ဟိုရန်တို့အပါအဝင် နာမည်ကျော် အဆိုတော်များစွာပါဝင်သီဆိုဖျော်ဖြေခဲ့သည်။

အရီယာနာသည် အဆိုပါပွဲမှ ရရှိသည့်အကျိုးအမြတ် အားလုံးကို  ဗြိတိန်ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီးမန်ချက်စတာစီးတီး ပြည်နယ်တို့မှ ထူထောင်ထားသည့် We Love Manchester Emergency Fund ရန်ပုံငွေအဖွဲ့ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။ One Live Manchester ရှိုးပွဲကိုအတွက် ဗုံးပေါက်ကွဲသည့်နေ့တွင်လာရောက်အားပေးခဲ့သည့် ပရိသတ်များကိုမူ လက်မှတ်များအခမဲ့ပေးဝေခဲ့ပြီးဗုံးပေါက်ကွဲမှုအတွင်းဒဏ်ရာရရှိခဲ့သည့် လူငယ်လေးများကလည်းလာရောက်ကြည့်ရှုကြ ကြောင်းနှင့် လူငယ်များကအကြမ်းဖက်မှုကိုမကြောက်ရွံ့ကြောင်းပြသသည့်အနေဖြင့် "WE STAND TOGETHER" ဆိုသည့် စာတမ်းများကိုကိုင်ဆောင်ထားရင်းတက်ကြွစွာပါဝင်အားပေးခဲ့ကြသည်ဟုသိရသည်။ 

Related News