ပေါ်တူဂီနိုင်ငံမှာဖြစ်ပွားနေတဲ့တောမီးလောင်ကျွမ်းမှုမှာသေဆုံးသူ(၃၉)ဦးအထိရှိလာပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ သေဆုံးသူအများစုဟာ တောမီးလောင်တာကို ထွက်ပြေးရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ပေါ်တူဂီဒေသတွင်းအစိုးရက ပြောပါတယ်။ လစ်ဘွန်း အရှေ့မြောက်ပိုင်း ကီလီုမီတာ(၂၀၀)နီးပါးမှာဖြစ်ပွားနေတဲ့ ပီဒါဂို ဂန်ဒေးဒေသက ဒီတောမီးလောင်မှုကို မီးသတ်သမား (၁၇၀၀)နီးက ငြှိမ်းသတ်နေပါတယ်။ ပေါ်တူဂီဝန်ကြီးချုပ် အန်တော်ညူ ကိုစတာလည်း အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ခဲ့ပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို ပြုလုပ်ဖို့ လမ်းညွှန်ထား ပါတယ်။ မီးလောင်မှုအတွင်းသေဆုံးမှု တွေဖြစ်ပွားခဲ့ တာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆုံးရှုံးမှုအများဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။

ဒါ့ပြင်သေဆုံး သူအရေအတွက်ဟာ မြင့်တက်လာနိုင်သေးတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ စနေနေ့တစ်ည တည်းမှာတင် ပေါ်တူဂီနိုင်ငံ တစ်ဝှမ်းမှာ တောမီးလောင်မှု(၆၀)နီးပါးအထိရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ(၃)ဦးဟာ မီးခိုးရှူမိပြီးသေဆုံးခဲ့တာဖြစ်ပြီး နောက် ထပ် (၁၆)ဦးကတော့ မြို့ချင်းဆက် လမ်းမကြီးတစ်ခုပေါ်က ကားတွေထဲမှာသေဆုံးခဲ့တာလို့ ပေါ်တူဂီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ စပိန်နိုင်ငံဟာ မီးသတ်ဖို့ ရေဗုံးကြဲချတဲ့လေယာဉ် ၂ စင်းကို စေလွှတ်ထားပြီဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်း ရင်းကိုတော့မသိရသေးပေမဲ့ အပူချိန်မြင့်မားတာနဲ့ မိုးခေါင်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ပေါ်တူဂီအာဏာပိုင်တွေက ယူဆနေပါတယ်။ 

 

    

Related News