လန်ဒန်မြို့က ဂရန်ဖဲတာဝါ အဆောက်အအုံမီးလောင်မှုမှာသေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း တွေအားလုံးကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ မခွဲခြားနိုင်တဲ့ အခြေအနေရှိလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ ၂၇ ထပ်မြင့်တဲ့ဒီအဆောက်အအုံ မီးလောင်မှုမှာ ရုပ်အလောင်းတွေကို ရှာဖွေနေတာ ၃ ရက်မြောက်သွားပြီဖြစ်ပါတယ်။
 
လက်ရှိမှာ မီးလောင်မှုအတွင်း သေဆုံးသူ(၁၇)ဦးရှိပြီဖြစ်ပေမဲ့ ပျောက်ဆုံးနေသူတွေလည်းရှိနေသေးလို့ သေဆုံးသူအရေအတွက်(၆၀)အထိ မြင့်တက်လာနိုင်ချေရှိနေပါတယ်။ မီးလောင်မှုမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မမျှော်လင့်နိုင်တော့ဘူးလို့ မီးသတ် တပ်ဖွဲ့တွေက ပြောထားချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
 
ဗြိတိန်ရဲတပ်ဖွဲ့ကတော့ ဒီမီးလောင်မှုကို ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုအဖြစ် သတ်မှတ်ပြီး စုံစမ်းတာတွေစတင်နေပြီလို့ ကြာသပတေးနေ့မှာပြောပါတယ်။မီးလောင်မှုမှာ သေဆုံးသူ(၆)ဦးကိုပဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားနိုင်တာဖြစ်ပါတယ်။ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ကတော့ သေဆုံးသူရုပ်အလောင်းအားလုံးကို မခွဲခြားနိုင်မယ့်အခြေအနေရှိလာနိုင် တယ်လို့ပြော ထားပါတယ်။ ဒီအဆောက်အအုံကို မနှစ်တုန်းက ပြန်လည်ပြင်ဆင်ခဲ့ပေမဲ့ မီးဘေးအန္တရာယ် စိုးရိမ်ရတယ် ဆိုတဲ့အချက်ကို အဆောက်အအုံမှာနေထိုင်သူတွေက မြို့ကောင်စီကို အကြောင်းကြား တာမျိုးရှိခဲ့ပါတယ်။ 

Related News