တရုတ်နိုင်ငံအရှေ့ပိုင်း ရှုကျူ့မြို့က မူကြိုကျောင်းဝင်းတစ်ခု ၀င်ပေါက်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကို တရုတ်အာဏာပိုင်တွေက စတင်စုံစမ်းနေပြီဖြစ်ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် လူ(၈)ဦးသေဆုံးခဲ့ပြီး နောက်ထပ် လူဒါဇင်ချီဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြတဲ့အခင်းဖြစ်ပွားရာနေရာက ဓာတ်ပုံတွေမှာတော့ ပေါက်ကွဲမှုဒဏ်ခံခဲ့ရသူတွေဟာ ပေါက်ကွဲမှုအရှိန်ကြောင့် အ၀တ်အစားတွေဆုတ်ပြဲကုန်တာကို ပြသနေပါတယ်။ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးကတော့ ဒီဖြစ်ရပ်ကို ချက်ချင်းစုံစမ်းဖို့ အမိန့်ပေးထားတယ်လို့ ဆင်ဟွာ သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဒီပေါက်ကွဲမှုဟာ ရာဇ၀တ်မှုဖြစ်တယ်လို့ ကျန်းဆုပြည်နယ် ရဲတပ်ဖွဲ့က ယူဆထားပြီး မသင်္ကာသူကိုလည်း သိရှိထားတဲ့အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုဟာ လမ်းဘေးစားသောက်ဆိုင်တစ်ခုက ဂတ်စ်အိုးပေါက်တာကြောင့် ဖြစ်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နိုင်ငံပိုင် သတင်းစာတွေက သတင်းဖော်ပြပါတယ်။ သေဆုံးသူတွေထဲက(၂)ဦးဟာ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး နောက်(၆)ဦးကတော့ ကုသမှုခံယူနေတုန်း သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေ ပါဝင်လားဆိုတာကိုတော့ အာဏာပိုင်တွေဘက်က ပြောကြားခြင်းမရှိသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ချိန်ဟာ မူကြိုကျောင်းက ကလေးငယ်တွေ ကျောင်းဆင်းချိန်ဖြစ်တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပေမယ့် ဖန်ကျန်းကောင်တီ အစိုးရကတော့ အတန်းတွေ မလွှတ်သေးလို့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေ မပါဘူးလို့ ဆိုပါတယ်။ 

 

 

Related News