လန်ဒန်မြို့၊ လန်ကတ်စတာအရပ်အနောက်ပိုင်းက အထပ်မြင့်အဆောက်အအုံမီးလောင်မှုမှာ လူသေဆုံးမှုတွေရှိတယ်လို့ မီးသတ်အရာရှိတစ်ဦးကပြောပါတယ်။ ဂရင်းဖဲ တာဝါ လို့ခေါ်တဲ့ ဒီအဆောက်အအုံမီးလောင်မှုဟာ ဗုဒ္ဓဟူးနေ့မနက် အစောပိုင်း ကတည်းက စတင်ခဲ့တာဖြစ်ပြီး နာရီတော်တော်ကြာကြာလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံတစ်ခုလုံးနီးပါး မီးလောင်ခဲ့တာဖြစ်ပြီး မျက်မြင်သက်သေတွေကတော့ အဆောက်အအုံအတွင်းမှာ ပိတ်မိနေသူတွေရှိတယ်လို့ပြောပါတယ်။

လန်ဒန်မီးသတ်တပ်ဖွဲ့မဟာမင်းကြီး ဒန်နီ ကော်တွန်ကတော့ မီးလောင်မှုကြောင့် လူသေဆုံးမှုတွေရှိပေမဲ့ အဆောက်အအုံရဲ့ အရွယ်အစားနဲ့အခန်းဖွဲ့စည်း ပုံရှုပ်ထွေးမှုကြောင့် ဘယ်လောက်သေဆုံးတယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူးလို့ဆိုပါတယ်။

လက်ရှိမှာ မီးလောင်မှုကနေ ထိခိုက်ဒဏ်ရာရရှိထားသူ လူပေါင်း(၅၀)နီးပါးကို လန်ဒန်မြို့က ဆေးရုံ(၅)ခုမှာ ကုသမှုပေးနေပြီ ဖြစ်တယ်လို့သိရပါတယ်။ အဆောက်အအုံတစ်ခုလုံးမီးလောင်ခဲ့တာ ဖြစ်လို့ အဲ့ဒီအဆောက်အအုံပြိုကျနိုင်တဲ့ စိုးရိမ်စရာအခြေ အနေရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။ မီးလောင်မှုဟာ အဆောက်အအုံရဲ့ ဒုတိယထပ်ကနေစပြီး အပေါ်ပိုင်း အထပ်တွေအထိ လောင်ကျွမ်းခဲ့တာပါ။ အဆောက်အအုံဟာ(၂၄)ထပ်မြင့်တယ်လို့ BBC သတင်းဌာနက သတင်းဖော်ပြပေမဲ့ အခြားသတင်းဌာနတွေမှာတော့(၂၇)ထပ်မြင့်တယ်လို့ သတင်းဖော်ပြနေပါတယ်။ 

Related News