(၂၀၂၀)ပြည့်နှစ်ဂျပန်အိုလံပစ်ကျင်းမယ့် တိုကျိုမြို့ကနေရာတချို့ရဲ့ ရေထဲမှာ ဘက်တီးရီးယားပိုးမွှားပါဝင်မှုမြင့်မားနေပြီး ဂျပန်အာဏာပိုင်တွေဟာ ရေအရည်အသွေးကို ပြန်လည်ထိန်းသိမ်းဖို့ လုပ်ဆောင်နေကြတယ်လို့ ဂျပန်နိုင်ငံ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။ (၂၀၂၀)ပြည့်နှစ်ဂျပန်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေကျင်းပမယ့်တိုကျိုမြို့နေရာတချို့မှာ ဘတ်တီးရီးယားပိုးမွှားတွေနဲ့ တခြားမသန့်ရှင်းတာတွေပါဝင်နေတဲ့ပမာဏဟာ သာမန်ထက်မြင့်မားနေတယ်ဆိုတဲ့ ဂျပန်အာဏာ ပိုင်တွေရဲ့ စစ်တမ်းတစ်ခုကို ကိုးကားပြီး NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။တိုကျိုမြို့တော်အုပ်ချုပ်ရေးအာဏာ ပိုင်တွေနဲ့ အိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီက တိုကျိုမြို့ကအိုဒါအီဘာအဏ်္ဏ၀ါဥယျာဉ်ရဲ့ ကမ်းခြေဒေသမှာ ရေအရည် အသွေးကိုက်ညီမှုရှိမရှိကို ဇူလိုင်လနဲ့စက်တင်ဘာလအတွင်း (၂၆)ရက်ကြာစစ်တမ်းကောက်ယူခဲ့တာပါ။

အဏ္ဏ၀ါဥယျာဉ်ဟာ ဆယ်ကီလိုမီတာရေကူးပြိုင်ပွဲနဲ့ ရေကူး၊စက်ဘီးစီးနဲ့တာဝေးပြေး(၃)မျိုးပေါင်း ပြိုင်ပွဲတွေကျင်းပမယ့် အားကစားရုံအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။ရေထဲမှာ ဘက်တီးရီးယားပါဝင်မှုဟာ ဂျပန်အစိုးရနဲ့ ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းတွေက ကန့်သတ်ထားတဲ့ပမာဏထက်ပိုများနေပြီး ဘက်တီးရီးယားတွေဟာ အူရောင်စေနိုင်တဲ့ရောဂါပိုးတွေဖြစ်တယ်လို့ ဂျပန်အာဏာ ပိုင်တွေက ပြောပါတယ်။တိုကျိုမြို့တော်အစိုးရက အဏ္ဏ၀ါဥယျာဉ်မှာရှိတဲ့ ရေအရည်အသွေးကို ပြန်လည်ထိန်းသိမ်းသွားမယ့် နည်းလမ်းတွေကို ရှာဖွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။အားကစားသမားတွေအနေနဲ့ လုံခြုံစိတ်ချမှုကို ခံစားနိုင်စေဖို့ နိုင်ငံတကာအားကစားအဖွဲ့အစည်းတွေရဲ့ စည်းကမ်းတွေအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဂျပန်အိုလံပစ်ပွဲတော် ကျင်းပရေးကော်မတီက ပြောခွင့်ရှိသူကပြောပါတယ်။

 

 

Related News