ဘရာဇီးနိုင်ငံမှာ  ဇီကာဗိုင်းရက်စ်ကူးစက်မှု သိသိသာသာလျော့ကျခဲ့ပြီးနောက် နိုင်ငံအတွင်း ဇီကာဗိုင်းရက်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားတာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဇန်န၀ါရီလနဲ့ဧပြီလအတွင်း ရောဂါကူးစက်မှုအရေ အတွက်ဟာ (၂၀၁၆)ခုနှစ်တုန်းက ဖြစ်ပွားနှုန်းထက်စာရင် (၉၅)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဘရာဇီးအာဏာပိုင်တွေက ပြောပါတယ်။ အခုနှစ်အတွင်း ဗိုင်းရက်စ်ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်တုန်းကတော့ (၈)ဦးအထိရှိခဲ့တယ်လို့ ဘရာဇီးအာဏာပိုင်တွေက ပြောပါတယ်။

ဇီကာဗိုင်းရက်စ် ပိုးသယ်ထားတဲ့ ခြင်ကိုက်မိထားတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးခေါင်းသေး ကလေးငယ်တွေမွေးဖွားမှုနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ဇီကာဗိုင်းရက်စ် ကူးစက် နိုင်တဲ့အန္တရာယ်ဟာ နိုင်ငံအတွင်း (၂၀၁၆) အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးမှာ ဇီကာဗိုင်းရက်စ်ကူးစက်မှုအခြေအနေကို အမျိုးသားအဆင့်အရေးပေါ်အခြေအနေ အဖြစ် (၂၀၁၅)ခုနှစ်၊ နိုဝင်ဘာလမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ဇီကာဗိုင်းရက်စ်ကြောင့် နိုင်ငံပေါင်း (၃၀)ကျော်မှာ ဦးခေါင်းသေးကလေးငယ်တွေ မွေးဖွားမှုလည်းဖြစ်ပွားခဲ့ပါတယ်။

ဒါ့ပြင် အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ထိုင်း၊စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့အပြင် တရုတ်နိုင်ငံမှာလည်း ဇီကာဗိုင်းရက်စ်ကူးစက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဇီကာဗိုင်းရက်စ်ကို ကုသနိုင်တဲ့ ဆေးမရှိသေးလို့ ဗိုင်းရက်စ်သယ်တဲ့ခြင်အကိုက်မခံ ရအောင်နေထိုင်ရေးက ဗိုင်းရက်စ်ကူးစက်မှုကိုရှောင်ရှားနိုင်တဲ့ အဓိကအချက်ဖြစ်နေပါတယ်။

Related News