တိုယိုတာဟာ ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ်ကပ်ကားတွေကို ဂျပန်နိုင်ငံကို ပထမဆုံးတင်ပို့တဲ့ အခမ်းအနားကို သောကြာနေ့ တုန်းက ကျင်းပခဲ့ပါတယ်။ တိုယိုတာဟာ ဟိုင်းလပ် ပစ်ကပ်ကားတွေကို ထိုင်းနိုင်ငံထဲမှာရှိတဲ့သူ့စက်ရုံကနေ စတင်ပေးပို့နေတာ ပြီးခဲ့တဲ့လကတည်းက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တိုယိုတာမော်တာရဲ့ဥက္ကဋ္ဌဖြစ်သူ မီချင်နိုဘူ ဆူဂါတာ ကတော့ ကုမ္ပဏီဟာ ပစ်ကပ်ကားတွေကို အရည်အသွေးမြှင့်တင်ပြီးတဲ့နောက် ဂျပန်ဈေးကွက်ကို ပြန်လည်တင်ပို့နေတာဖြစ်တယ်လို့ ပြောပါတယ်။ တိုယိုတာဟာ ပစ်ကပ်ကားတွေကို ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ၅၀ လောက်ကတည်းက စတင်ရောင်းချခဲ့တာဖြစ်ပေမဲ့ လူကြိုက် နည်းလာလို့ ပစ်ကပ်ကားရောင်းချမှုကို ၂၀ဝ၄ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ အဲ့ဒီနောက် ကုမ္ပဏီဟာ ထုတ်လုပ်တဲ့စက်ရုံကို ထိုင်း နိုင်ငံကို ရွှေ့ဆိုင်းခဲ့ပါတယ်။ 
 
ဝယ်လိုအားရှိလာတာကြောင့် တိုယိုတာဟာ ၁၃ နှစ်အတွင်း ဂျပန်နိုင်ငံမှာ ရောင်းချမှုတွေ ပြန်လည် စတင်ဖို့ဆုံးဖြတ်ခဲ့တာလို့ တိုယိုတာဘက်က ပြောပါတယ်။ ပစ်ကပ်ကားမော်ဒယ်ဟာ တောင်ကြားလမ်းတွေနဲ့ လမ်းကြမ်းတွေမှာ အသုံးပြုဖို့ သင့်တော်တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ ကုမ္ပဏီဟာ တစ်လကို ပစ်ကပ်ကားအစင်း ၃၀ဝ နီးပါးအထိ ဂျပန်နိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်ထားပါတယ်။ တိုယိုတာဟာ မနှစ်တုန်းကတော့ ကမ္ဘာတစ်ဝှမ်းက စက်ရုံ ၁၃ ရုံကနေ ပစ်ကပ်ကား အစင်း ငါးသိန်းတစ်သောင်းကျော် ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၆၄ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံက ဖြစ်ပါတယ်။
 
 
 

Related News